၂ဝ၁ဝ ရွေးကောက်ပွဲ တရားဝင်မည် မဟုတ်ဟု အမေရိကန်ပြော

Anonymous | 12:52 AM |

မြန်မာ စစ်အစိုးရက လက်ရှိ လမ်းကြောင်းအတိုင်း ရှေ့ဆက်သွားမည် ဆိုလျှင် ၂ဝ၁ဝ ရွေးကောက်ပွဲသည် တရားဝင်မည် မဟုတ်သည့် အပြင် အသိအမှတ် ပြုခံရမည် မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ယမန်နေ့က ပြောကြားလိုက်သည်။

ဟီလာရီ ကလင်တန် (ဓာတ်ပုံ - အေပီ)

ဟီလာရီ ကလင်တန်၏ ပြောကြားချက်သည် သမ္မတ အိုဘားမား အစိုးရက မြန်မာ စစ်အစိုးရအပေါ် တင်းမာသည့် သဘောထား ရှိကြောင်း ဖော်ညွှန်းနေသည်။ အိုဘားမား အစိုးရ ဖွဲ့စည်းခါစတွင် မြန်မာ စစ်အစိုးရ အပေါ် ပိုမို ပျော့ပြောင်းသည့် မူဝါဒ ထားရှိမည်ဟူသော အရိပ် အယောင်များ ပြသခဲ့ဖူးသည်။ အမေရိကန်၏ မြန်မာပြည် ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်မည်ဟုပင် ထုတ်ဖော် ပြောဆိုခဲ့သည်။
မြန်မာပြည် အပေါ် စီးပွားရေး ပိတ်ဆို့မှုမှာ အလုပ်မဖြစ်ကြောင်း ဟီလာရီ ကလင်တန် ကိုယ်တိုင် တရားဝင် ပြောကြားဖူးသည်။
သို့သော်လည်း မူဝါဒများ ပြန်လည် တင်းမာလာခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုလိုက်ခြင်းကြောင့် ဖြစ်မည်ဟု အများက ယူဆကြသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို အခြေအမြစ် မရှိဘဲ စွဲချက် တင်ထားတာကို အမေရိကန် အစိုးရက လက်မခံပါဘူး။ လွတ်လပ် ပွင့်လင်းတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ မလုပ်သေးတာကိုလည်း လက်မခံပါဘူး” ဟု ဟီလာရီ ကလင်တန်က အထက် လွှတ်တော်တွင် ယမန်နေ့က ပြောလိုက်သည်။
“သူတို့ ဒီအတိုင်းသာ ဆက်သွားနေရင် ၂ဝ၁ဝ ရွေးကောက်ပွဲဟာ လုံးဝ တရားဝင်မှာ မဟုတ်ဘူး၊ နိုင်ငံတကာ မှာလည်း ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်ဘူး” ဟု ဟီလာရီ ကလင်တန်က မြန်မာအစိုးရကို သတိပေးလိုက်သည်။
“စစ်အစိုးရ အပေါ် သြဇာ သက်ရောက်မှု ရှိနိုင်တဲ့ ချဉ်းကပ်မှုမျိုး ရနိုင်ဖို့  ကြိုးစားနေပါတယ်” ဟု မြန်မာပြည် ဆိုင်ရာ မူဝါဒအား ပြန်လည် သုံးသပ်နေခြင်းကို ရည်ရွယ်ပြီး ပြောလိုက်သည်။
မြန်မာ စစ်အစိုးရ အပေါ် သြဇာ လွှမ်းသည့် နိုင်ငံ တချို့ ရှိသည်ဟု ဟီလာရီ ကလင်တန်က ဆိုသည်။
“ဖိနှိပ်တဲ့ မြန်မာ စစ်အုပ်စုကို ဆက်ပြီး မထောက်ခံသင့်တော့ဘူး ဆိုတာကို အဲဒီ နိုင်ငံတွေ မြင်လာကြဖို့ အမေရိကန်က ကြိုးစားနေပါတယ်။ စစ်အုပ်စုကို အရေးယူဖို့ နိုင်ငံတကာ ထောက်ခံမှုတွေ ရလာမယ် လို့ မျှော်လင့်ပါတယ်” ဟု ဟီလာရီ ကလင်တန်က ပြောသည်။
အဆိုပါ နိုင်ငံများ၏ တုံ့ပြန်မှုနှင့် ပတ်သက်ပြီး ဟီလာရီ ကလင်တန်ကို အထက် လွှတ်တော်တွင် မေးမြန်းခဲ့ကြသည်။
ဟီလာရီ ကလင်တန်က “တုံ့ပြန်ချက်တွေက အားရစရာ ကောင်းပါတယ်။ ပြင်းပြင်း ထန်ထန် ကြေညာ ပြောဆိုခဲ့တဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတချို့နဲ့ စကား ပြောဖြစ်ခဲ့ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ကုလသမဂ္ဂ၏ ထောက်ခံမှု ပိုမို ရရှိရန် အမေရိကန် ပြည်ထောင်စုက ကြိုးပမ်းနေသည် ဟုလည်း ကလင်တန်က ပြောသည်။
Tags : from irrawaddy.org

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .