အန်တီစု နေအိမ်ကို အတားအဆီးမရှိ လွတ်လပ်ခွင့် ပေးလိုက်ပြီဖြစ်သော်လည်း

Anonymous | 1:02 AM |

နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းပြီးသော်လည်း အာဏာပိုင်များက ဆက်လက်ထိန်းသိမ်းထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြီးခဲ့သည့် စနေနေ့တွင် လွတ်လပ်စွာဝင်ထွက်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့နဲ့ အာဏာပိုင်တွေနဲ့ ပြီးခဲ့တဲ့သောကြာနေ့က တွေ့ခဲ့ကြပါတယ်။ အဲဒီမှာ သူတို့က တဦးနဲ့တဦး အထင်လွဲတာပါ။ ကျနော်တို့ ကန့်သတ်ထားတာ၊ တားဆီးထားတာ မရှိပါဘူး။ နားလည်မှုလွဲတာပါလို့ ပြောပါတယ်။ နောက်ရက် စနေနေ့မှာတော့ လွတ်လပ်စွာ ၀င်ထွက်ခွင့်ရခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေ (၂၆) တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းကြောင်း နအဖ ရဲချုပ်က အကြောင်းကြားခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏နေအိမ်ရှင်းလင်းပေးရန် စေလွှတ်သူများ၏ နေအိမ်အ၀င်အထွက်ကို အာဏာပိုင်များက မေးမြန်းစစ်ဆေး ကန့်သတ်တားဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ယင်းလုပ်ရပ်မှာ ဥပဒေနှင့်မညီသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အတားအဆီးမရှိ လွတ်လပ်ခွင့် ပေးလိုက်ပြီဖြစ်သော်လည်း နအဖစစ်အစိုးရက အိမ်ရှင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုပုဒ်မ (၂၂) အမှုကြီးအမှတ် (၄၇/၂၀၀၉) ဖြင့် တရားစွဲဆိုထားပြီး အင်းစိန်ထောင်အတွင်း ထိန်းသိမ်းထားဆဲဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် (၁၉) နှစ်ကျော် ကာလအတွင်း (၁၃) နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသည်။
From : www.khitpyaing.org/news/june_09/16-6-09b.php

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .