မောင်စန်းလွင်ဦး လုပ်ငန်းခွင်သို့အသွား တပ်ထဲဝင်ရန် အတင်းအဓမ္မ ခေါ်ဆောင်သွားကြောင်း

Anonymous | 4:09 PM |

ရိုးမ ၃ ၊ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် နယ်မြေခံစစ်တပ်မှ စစ်သားတဦးက အလုပ်သွားသည့် လူငယ်တဦးကို ခြိမ်းခြောက်ကာ တပ်ထဲဝင်ရန် အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်။

ညောင်ဦးမြို့အခြေစိုက် ခမရ-(၄၁၅) မှ တပ်သားတဦးက မောင်စန်းလွင်ဦး လုပ်ငန်းခွင်သို့အသွား မှောင်ရိပ်ခို၊ မသင်္ကာမှု စသည့် အကြောင်းပြချက်များဖြင့် ခြိမ်းခြောက် ခေါ်ဆောင်သွားခြင်းဖြစ်သည်။

"စန်းလွင်ဦးက ညပိုင်းအလုပ်ကို သွားတဲ့အချိန်မှာ အဲဒီစစ်သားတယောက်က မှောင်ရိပ်ခိုမှုတွေ ဘာတွေနဲ့ စွပ်စွဲပြီး တပ်ထဲ ဝင်ရမယ်ဆိုပြီး ခေါ်သွားတာ၊ ကလေးက ငိုပြီးတောင်းပန်တာ မရဘူး" ဟု မောင်စန်းလွင်ဦး၏ မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။

ယင်းကဲ့သို့ ခေါ်ဆောင်သွားစဉ် လမ်းတွင် ခမရ-(၄၁၅) မှ ဗိုလ်နှစ်ဦးနှင့်တွေ့ရာ မောင်းစန်းလွင်ဦးက ငိုယို၍ တောင်းပန်သဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း ဆက်ပြောသည်။ မောင်စန်းလွင်ဦးမှာ အသက် ၁၇ နှစ်သာရှိပြီး ညောင်ဦးမြို့ပေါ်တွင် နေထိုင်ကာ ဟိုတယ်တခုတွင် အလုပ်လုပ်ကိုင်နေသူတဦး ဖြစ်သည်။



ယခုအခါ ညောင်ဦးမြို့ပေါ်တွင် ကလေးငယ်များ ပျောက်ဆုံးမှု များပြားလာပြီး စစ်သားအဖြစ် စုဆောင်းခံရခြင်းများ ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

"အခုဆို ပလတ်စတစ်ကောက်တဲ့ ကလေးတွေဆို တော်တော်ပျောက်သွားတယ်၊ အသက် ၁၂၊ ၁၃ အရွယ်လေးတွေ၊ အထူးသဖြင့် ယောင်္ကျားလေးတွေကို မတွေ့ရတော့တာ" ဟု ဆက်ပြောသည်။

ပြီးခဲ့သည့်လအတွင်းကလည်း မကွေးတိုင်း၊ အောင်လံမြို့တွင် အတင်းအဓမ္မ ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းခြင်းများကြောင့် မြို့ခံလူထုမှာ အထိတ်တလန့်ဖြစ်ခဲ့ရသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .