၂၀၀၈ ခုနှစ်က အခြေခံဥပဒေကို မပြင်ဆင်ရင် ဒီ ရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတမှာ မဟုတ်

Anonymous | 3:56 AM |

ဧရာဝတီ / ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သတင်းစာ ရှင်းလင်းပွဲတွင် အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ထပ်မံ ပြောဆိုခဲ့သည့် “၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရေး” ဆိုသည့်အချက်မှာ ပြည်တွင်းရှိ အတိုက်အခံများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ အသံကို ကိုယ်စားမပြုကြောင်း မြန်မာပြည်တွင်းရှိ နိုင်ငံရေးအဖွဲ့များက ပြောဆိုကြသည်။

ထိုသို့ မစ္စတာဘန်ကီမွန်းက တောင်းဆိုလိုက်ခြင်းသည် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို တရားဝင်ကြောင်း အသိအမှတ် ပြုပေးရာ ရောက်သည်ဟု ၎င်းတို့ကဆိုသည်။

“မစ္စတာဘန်ကီမွန်း မြန်မာပြည်လာစဉ်က ပြောခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးဖို့ ဆိုတဲ့အချက်ကို သဘောမတူပါဘူး။ ၂၀၀၈ ခုနှစ်က စစ်အစိုးရအတည်ပြုခဲ့တဲ့ အခြေခံဥပဒေကို မပြင်ဆင်ရင် ဒီ ရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတမှာ မဟုတ်ပါဘူး” ဟု NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံရာမှာ နိုင်ငံတော် အကြီးအကဲက ၂၀၁၀ ပြည့်နှစ်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပ ပေးသွားမယ်။ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲနေပြီ။ ပြီးတာနဲ့ ပါတီတွေဖွဲ့စည်းပြီး ရွေးကောက်ပွဲ ကျင်းပရေးအတွက် ဥပဒေတွေ အချိန်မီ ထုတ်ပြန်ပေးသွားမယ်။ ရွေးကောက်ပွဲ ပြုလုပ်တဲ့အခါ လူတိုင်း ပါဝင်နိုင်အောင် ဆောင်ရွက်ထားပြီး ဥပဒေကိုလည်း မျှမျှတတ ဖြစ်အောင် ရွေးဆွဲနေတယ်” ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် မောင်မှတ်က မစ္စတာဘန်ကီမွန်းနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြောကြားသော စကားများကို ကိုးကားရေးသားသွားသည်။

စစ်အစိုးရသည် ၂၀၀၈ မေလက မြန်မာပြည်အတွင်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးချိန်တွင် ၎င်းတို့ ရေးဆွဲထားသည့် အခြေခံဥပဒေ အတည်ပြုပွဲကို ကျင်းပခဲ့သည်။ ထို့နောက် ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို အခြေခံဥပဒေဆန္ဒခံယူပွဲသည် တရားမျှတပြီး လွတ်လပ်မှုမရှိဟု လေ့လာသူတို့က ပြောဆိုသုံးသပ်ကြသည်။

၎င်းအခြေခံဥပဒေတွင် လွှတ်တော်၏ အဆင့်တိုင်း၌ စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာယူထားမည်ဟု ပါရှိသဖြင့် ပြန်လည်သုံးသပ်ရန် NLD က တောင်းဆိုထားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ကရင်နီတိုင်းရင်းသား တိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး ၁ ခူဦးရယ်ကလည်း “အခြေခံဥပဒေက ပြန်လည်သုံးသပ်ရုံတင်မဟုတ်ဘူး၊ ပြင်ကိုပြင်ဆင်ရမှာ၊ စစ်တပ်က အဆင့်တိုင်းမှာ ၂၅ ရာခိုင်နှုန်းပါနေတာကိုက သဘာဝမကျဘူး” ဟု ဧရာဝတီသို့ ပြောသည်။

သို့ရာတွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်းတို့အတည်ပြုခဲ့ပြီးဖြစ်သည့် အခြေခံဥပဒေကို လုံးဝ ပြင်ဆင်လိမ့်မည် မဟုတ်ကြောင်း၊ လမ်းပြမြေပုံ အဆင့် ၇ ဆင့်ကို အကောင်အထည်ဖော်ဆောင်နေရာ ယခုအခါ ၅ ဆင့်အထိ ပြီးမြောက်ပြီ ဖြစ်သောကြောင့် ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း မကြာခဏ ပြောဆိုခဲ့သည်။

လူတိုင်းပါဝင်နိုင်သော ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဆိုသော်လည်း ၎င်း ဆောင်းပါးတွင် ဥပဒေနှင့် ညီညွတ်သူများသာ ပါဝင်ခွင့်ရမည်ဟု ဆိုထားသည်။

စစ်အစိုးရ အတည်ပြုခဲ့သော အခြေခံဥပဒေတွင် နိုင်ငံခြားသားနှင့် လက်ထပ်ထားသူ အနေနှင့် နိုင်ငံတော် သမ္မတ ဖြစ်ခွင့်မရှိဟု ပါရှိသည်။ ထို့ပြင် နိုင်ငံတော်သမ္မတမှာ စစ်တပ်အတွေ့အကြုံရှိထားသူသာ ဖြစ်ရမည်ဟု ဆိုသည်။

ထိုအချက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ အတိအကျ ငြင်းပယ်ပြီးဖြစ်ကြောင်း ထင်ရှားသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဆောင်းပါးရှင် မောင်မှတ်၏ “ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လျက်၊ လက်ကမ်းလျက်ပါ” အမည်ရှိ မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနှင့် မစ္စတာဘန်ကီမွန်းကို အထူးလိုက်လျောခဲ့သည်ဟုလည်း ဖော်ပြထားသည်။

“နားလည်သလောက်ပြောရရင် နိုင်ငံတော် အကြီးအကဲအနေနဲ့ နှစ်ခါတိုင်တိုင် လက်ခံတွေ့ဆုံတဲ့ ဧည့်သည်ဆိုတာ မရှိ သလောက်ပါပဲ။ အခု အတွင်းရေးမှူးချုပ်ရဲ့ ဆန္ဒကို လိုက်လျောပြီး နှစ်ခါတိတိ ရက်ဆက် လက်ခံတွေ့ဆုံခဲ့တယ်ဆိုတာ တော်ရုံလိုက်လျောမှု မဟုတ်လောက်ပါဘူး” ဟု ၎င်းဆောင်းပါးရှင်က ရေးသားထားသည်။

ပြည်တွင်း အတိုက်အခံအင်အားစုများနှင့် တိုင်းရင်းသားအဖွဲ့များက အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် တောင်းဆိုချိန်တွင်ကုလသမဂ္ဂက ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတရေးကိုသာ တောင်းဆိုလျှက်ရှိသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “မြန်မာပြည်ရဲ့ ဒီမိုကရေစီ အရေးမှာ အခက်ခဲဆုံးကိစ္စက အခြေခံဥပဒေ ပြဿနာပဲ” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက တိုင်းရင်းသားပြဿနာနှင့် အခြေခံဥပဒေ အရေးကိစ္စမပါဝင်လျှင် ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ရွက်မှု အရာထင်လိမ့်မည်မဟုတ်ဟု ပြောသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .