နာဂစ်ဒုက္ခသည်များအတွက် နိုင်ငံတကာက လှူဒါန်းငွေများကို ရရှိရေး စစ်အစိုးရပြုလုပ်နေဆဲ

Anonymous | 1:23 AM |

သတင်း-မဇ္ဈိမ၊ ကာတွန်းဟန်လေး ၊ နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီပေးရေး ရံပုံငွေများ ထပ်မံ လိုအပ်နေသေးကြောင်း သတင်းများကို ဖတ်ရကြားရသည်မှာ စိတ်ပျက်စရာနှင့် စိတ်မသက်သာစရာ ကောင်းလှသည်။ မြန်မာ စစ်အာဏာရှင်များ၏ ဘဏ္ဍာတိုက်ကို ဖွင့်၍ ဤဒုက္ခသည်များကို ကူညီရန် တာဝန်ရှိသည်ဟု ပြောသံဆိုသံများကိုမူ မကြားရသလောက်ပင် ဖြစ်သည်။ ၂ဝဝ၂ ခုကတဲက မြန်မာနိုင်ငံသည် ကုန်သွယ်ရေး ပိုငွေ တောက်လျှောက်ပြခဲ့ရာ၂ဝဝ၇-ဝ၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃.၂ ဘီလျံရှိ၍ ၂ဝဝ၈-ဝ၉ ဘဏ္ဍာနှစ်တွင် ၂.၅ ဘီလျံရှိသည်။ (ဘဏ္ဍာရေးနှစ်သည် နှစ်စဉ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည်) ထွန်းကားလာနေသော သဘာဝဓါတ်ငွေ့နှင့် ရေနံမှ ရငွေများကြောင့် ဤသို့ ပိုငွေပြခဲ့ခြင်း ဖြစ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ အဆိုအရ မြန်မာနိုင်ငံ၏ နိုင်ငံခြား အရံငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၄ ဘီလျံရှိပြီး၊ အခြား သတင်းရပ်ကွက်များကမူ ၄ ဘီလျံနီးပါး ရှိသည်ဟု ဆိုသည်။

အားလုံး တွေ့မြင်ခဲ့ကြသည့် အတိုင်းပင် ၂ဝဝ၈ ခုနှစ်မေလ နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး၌ မုန်တိုင်းဒဏ်ခံ ဒေသများသို့ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခွင့်ကို ခွင့်ပြုရန် စစ်အစိုးရက ဝန်လေးနေခဲ့သည်။
နိုင်ငံတကာ ဖိအားကလဲကြီးလာ၊ ဗိုလ်ချုပ်ကြီးများကလဲ လောဘထွက်လာမှသာ အဆိုပါ နိုင်ငံတကာ အကူအညီများကို လက်ခံ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးများလဲ တိုင်းပြည်ပိုက်ဆံကို ထုတ်သုံးရန် မလိုတော့ဘဲ သက်သာရာ ရသွားခဲ့သည်။ ဤကူညီကယ်ဆယ်ရေး လုပ်ငန်းကြီးတွင် စစ်အစိုးရဘက်မှ ဆောင်ရွက်ချက်ဟူ၍ ကယ်ဆယ်ရေး လုပ်ငန်းများ နှင့် မြစ်ဝကျွန်းပေါ်သို့ အကူအညီများ ဝင်ရောက်ခြင်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခြင်းသာ ရှိသည်။ ဗိုလ်ချုပ်ကြီး များနှင့် ပုလဲနံပသင့်သော စီးပွါးရေး လုပ်ငန်းရှင်ကြီးများ၏ ဟန်ပြ စတိသဘောမျှ အလှူအတန်း တချို့မှလွဲ၍ ဘာမှမမြင်ခဲ့ကြရ။ အဆိုပါ လှူဒါန်းငွေများကို ကုလသမဂ္ဂနှင့် သံတမန် အသိုင်းအဝိုင်းသို့ ပေးအပ်ပြီး၊ နာမည်ကောင်း ယူနိုင်သေးသည်။ အခြား လှူဒါန်းမှု မှန်သမျှမှာမူ မြန်မာ ပြည်သူပြည်သားများ၊ ဒေသခံနှင့် နိုင်ငံတကာ အန်ဂျီအိုများ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယန်၊ မူဆလင်၊ ဟိန္ဒူ ဘာသာရေး အဖွဲ့အစည်းများထံမှသာ ဖြစ်သည်။

နာဂစ်လွန်ကာလ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဤကြီးမားလှသော ကယ်ဆယ်ရေး စီမံကိန်းကြီးသည် ဗိုလ်ချုပ်ကြီးများ ကြွယ်ဝချမ်းသာဘို့ ဖြစ်လာခဲ့သည်။ နိုင်ငံခြား ငွေလဲလက်မှတ် (FEC) ၏ ပြည်တွင်းကျပ်ငွေ ပေါက်ဈေးနှင့် ဒေါ်လာနှင့် ပြည်တွင်းဈေးကွက်ရှိ မြန်မာကျပ်ငွေ ပေါက်ဈေးတို့အကြား မတူညီသော ဈေးနှုံးများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ ငွေသန်းနှင့်ချီ၍ နစ်နာခဲ့ရသည်ကို အားလုံးအသိပင် ဖြစ်သည်။ အဆိုပါ ငွေများအားလုံးကို မြန်မာအစိုးရကြားက အချောင် ရရှိသွားခဲ့သည်။ (ဤသို့ နိုင်ငံတကာမှ အကူအညီ အထောက်အပံ့ ပေးငွေများ အရေခွံ အခွါခံရသည်ကို ဤ (FEC) စနစ်ကို စတင်အသုံးပြုခဲ့သည့် ၁၉၉၃ ခုနှစ်ကတဲက မည်သူမျှ မပြောခဲ့ကြပါ။ ဤကာလများအတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအန်ဂျီအို (INGO) များက ဤခြားနားချက်ကို မြန်မာနိုင်ငံ၌ အလုပ်လုပ်ခွင့်ရရေးအတွက် အစိုးရထံ ပေးအပ်ရသည့် ‘အခွန်’ အဖြစ်သာ သဘောထားခဲ့ကြသည်)။ ယခုအခါ အမေရိကန်ဒေါ်လာနှင့် FEC တို့၏ ဈေးကွက်ပေါက်ဈေး ခြားနားချက်သည် ၁ဝ% အောက်သို့ ကျလာရာ ဗိုလ်ချုပ်ကြီးများအဘို့ အမြတ်ထွက်ရေး နည်းလမ်းသစ်များ ရှာရန်မှာ ပိုမို ခက်ခဲလာခဲ့သည်။ ဗဟိုဘဏ်ကလည်း အမှန်ငွေကြေး ပမာဏ (money supply) ကို အစဉ်လျှော့ပြနေပြီး၊ မတန်တဆ တန်ဘိုးမြှင့်ထားသော ဒေသသုံးငွေကို ရိုက်ထုတ်နေသည်။ ADB ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုံးသည် ၂ဝဝ၇ နှင့် ၂ဝဝ၈ ခုနှစ်များက ၃၇% နှင့် ၃ဝ% အသီးသီး ရှိခဲ့သည်။ စီးပွါးရေး တိုးတက်မှုနှုံးမှာ ၁ဝ% အောက်တွင်သာ ရှိသည်ဟု ဆိုသည်။ ဒေါ်လာနှင့် ကျပ်ငွေ လဲလယ်နှုံးမှာ ၂ဝဝ၇ ခုနှစ်တွင် တဒေါ်လာလျှင် ကျပ် ၁၃ဝဝ ရှိရာမှ ၂ဝဝ၉ ခုနှစ်တွင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၁ဝဝဝ သာ ရှိတော့ပြီး ကျပ်ငွေတန်ဘိုး ပိုမို ခိုင်မာလာခဲ့သည်။ ဤသို့ ကျပ်ငွေတန်ဘိုး မြင့်တက်လာမှုကြောင့် အခြားငွေမာအားလုံး အပေါ်တွင် ထိခိုက်မှုများ ရှိခဲ့သည်။ နိုင်ငံခြား အကူအညီများအပေါ် သွယ်ဝိုက်ခွန် ပေးရသလို ဖြစ်နေပြီး၊ ငွေမာများ တန်ဘိုးချလိုက်ရသလိုလဲ ဖြစ်သွားသည်။

ပြည်တွင်းတွင်တော့ ဗိုလ်ချုပ်ကြီးများက အစိုးရပိုင် ပစ္စည်းများ၊ အဆောက်အဦများ၊ ကားများ၊ သစ်နှင့်သတ္တုတူးဖော် ခွင့်လိုင်စင်များ ရောင်းစားခြင်းဖြင့် တိုင်းပြည် ဘဏ္ဍာကို ဆက်လက် ‘လုယက်’ နေသည်။ ပုဂ္ဂလိကပိုင် ကဏ္ဍမှ ငွေများ ခန်းခြောက်သွားအောင် လုပ်လိုက်သလိုလဲ ဖြစ်နေသည်။ ဤငွေများ အားလုံးသည် မြန်မာ့စီးပွါးရေးဦးပိုင် လီမိတက် (UMEHL) ကဲ့သို့သော ကုမ္ပဏီများ၊ စစ်တပ်မှ ရှယ်ယာ ပါဝင်ထားသည့် ဖက်စပ်လုပ်ငန်း အများအပြား နှင့် စစ်အစိုးရ မိသားစုဝင်များ ပိုင်ဆိုင်သည့် ကုမ္ပဏီများမှတဆင့် ဗိုလ်ချုပ်ကြီးများ၏ အိတ်ထောင်ထဲ အကုန် ရောက်သွားသည်။ တဖန် ဤငွေများကို ပင်လယ်ရပ်ခြား တိုင်းပြည်များသို့ ကဲ့ထုတ်ကြပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြသည်။

မြစ်ဝကျွန်းပေါ် ဒေသသို့ ခရီးသွားကြည့်လျှင် ဘာမှမယ်မယ်ရရ မလုပ်ရသေးကြောင်း သိနိုင်သည်။ လမ်းစသည့် အခြေခံ အဆောက်အဦများမှာ ဆိုးဆိုးဝါးဝါး ပျက်စီးဆဲရှိသေးပြီး ဝေးလံ ခေါင်းပါးသည့်ဒေသမှ မုန်တိုင်း ဒုက္ခသည်များမှာ စားနပ်ရိက္ခာ နှင့် ရေမလုံလောက်မှု၊ အိုးအိမ်မရှိမှု၊ သူတို့ စားဝတ်နေရေးများကို ပြန်လည် မတည်ထောင်နိုင်သေးမှု စသည့် ဒုက္ခမျိုးစုံကို ခံစားရဆဲဖြစ်ကြောင်း တွေ့ရမည်။ ဟုတ်ပါသည်။ နိုင်ငံတကာ၏ အကူအညီသာ မရလျှင် ဤအခြေအနေမှာ ပို၍ ဆိုးရွားနေမည် ဆိုသည်မှာ မှန်ပါသည်။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် INGO များကရော ရိုးရိုးသားသားနှင့် ရဲရဲဝံ့ဝံ့ စစ်အစိုးရကို ဖိအား မပေးသင့်ပေဘူးလား။ ယခုတော့ INGO အသိုင်းအဝိုင်းသည် သူတို့၏ မူများကို ဘေးချိတ်ကာ သူတို့နဲနဲဖြစ်ဖြစ်၊ များများဖြစ်ဖြစ် လွတ်လွတ်လပ်လပ်လုပ်ခွင့် ရရေးအတွက် အစိုးရ၏ အမြီးစားဖက် ခေါင်းစားဖက် လုပ်ငန်းရှင်ကြီးများ၊ အာဏာပိုင်များတို့နှင့် ပူးပေါင်း၍နိုင်ငံတကာ အကူအညီများကို ထပ်မံတောင်းခံ နေကြသည်။ အဆိုပါ INGO များကို စစ်အစိုးရက အခြားနယ်ပယ်တို့တွင်လည်း လုပ်ပိုင်ခွင့်များ ပေးလိမ့်မည်ဟု မျှော်လင့်နေခြင်းမှာ အိပ်မက်သာဖြစ်သည်။ ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင်ပင် နိုင်ငံခြားသားများ မိဘမဲ့ကျောင်းများ၊ လမ်းဘေးကလေးများဆိုင်ရာ ပရောဂျက် စီမံကိန်း လုပ်ငန်းခွင်များနှင့် အခြား ဒေသန္တရ လူမှုရေးစီမံကိန်း လုပ်ငန်းခွင်များသို့ ရဲအထူးသတင်း တပ်ဖွဲ့၏ ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးခြင်းမရှိဘဲ သွားရောက်ခွင့် မရကြပါ။ ဤသို့ သူတို့၏ နာဂစ်ပရောဂျက် လုပ်ငန်းခွင် အကြီးစားကြီးများ ဆက်လက် လည်ပတ်နေနိုင်ရေးနှင့် ဝန်ထမ်းများ လစာ ဆက်ထုတ်နိုင်ရေးတို့ အတွက် နိုင်ငံတကာက လှူဒါန်းငွေများကို ရရှိရေး အလုအယက် အပြိုင်အဆိုင် ကြိုးစား လုပ်ကိုင်နေမည့်အစား အဆိုပါ မြန်မာနိုင်ငံရှိ INGO များကလည်း စစ်အစိုးရ၏ မျက်နှာလွှဲခဲပစ် လုပ်နေမှုများကို အခြား အင်အားစုများနှင့် ပူးပေါင်းကာ ရိုးရိုးသားသား ထုတ်ဖော် မပြောသင့်ပေဘူးလား။
http://www.mizzimaburmese.com/မှ ရယူပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .