ရန်ကုန် ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့ မြောက်ကိုရီးယား သင်္ဘောဆိုက်ကပ်

Anonymous | 7:15 PM |

မိုးမခ | မြန်မာနိုင်ငံမှ ဆန်များတင်ဆောင်ရန် မြောက်ကိုရီးယား သင်္ဘော M.V DU MAN GANG သည် ရန်ကုန် ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့ ယနေ့ ဆိုက်ကပ်လာသည်။

အလျား ၁၃၁ မီတာ(၄၃၀ ပေ) ရှည်လျားပြီး ရေစူး ၅ မီတာ(၁၇ ပေ) ရှိသည့် ၄င်းသင်္ဘောသည် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၈၅၀၀ တင်ဆောင် မည်ဖြစ်ပြီး ရန်ကုန်သို့ ၀င်ရောက်ချိန် သင်္ဘောပေါ်တွင် မည်သည့် ကုန်ပစ္စည်းမှ ပါရှိမည် မဟုတ်ဟု ဆိပ်ကမ်း အာဏာပိုင် အဖွဲ့၏ သင်္ဘော အ၀င်အထွက်နှင့် ဆိပ်ကမ်းဆိုက်ကပ်မှု အခြေအနေပြ စာရင်းတွင် ဖော်ပြထားသော်လည်း ၄င်းသင်္ဘော၏ အလျားနှင့် ၀င်ရောက်လာမည့် ရေစူးကို ခန့်မှန်း တွက်ချက်မှု အရ ကုန်စည် တင်ဆောင်ထားခြင်း မရှိ ဆိုသည်မှာ ဖြစ်နိုင်ခြေနည်းကြောင်း ရေကြောင်း ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်သည်။

ထုံးစံအားဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ဝင်ရောက်သည့် မည်သည့် သင်္ဘောကိုမဆို ဆိပ်ကမ်း ကျန်းမာရေး အဖွဲ့မှ ဆရာဝန်အဖွဲ့၊ လ၀က နှင့် ဆိပ်ကမ်း အကောက်ခွန်အဖွဲ့များ တက်ရောက် စစ်ဆေးပြီး သက်ဆိုင်ရာ စာရွက်စာတမ်းနှင့် ကူးစက်ရောဂါများ ကင်းရှင်းကြောင်း အတည်ပြုမှသာ ရန်ကုန် ဆိပ်ကမ်း အတွင်းသို့ ဆိုက်ကပ်ခွင့် ပြုလေ့ရှိသော်လည်း M.V DU MAN GANG သင်္ဘောပေါ်သို့ ရေကြောင်းပြ ပိုင်းလော့ နှင့် ဆေးအဖွဲ့မှလွဲပြီး မည်သည့်အဖွဲ့အစည်းကိုမျှ တက်ခွင့် ပြုမည် မဟုတ်ဟု သိရသည်။


အထူးသဖြင့် ကမ္ဘာ့ကူးစက် ရောဂါများ ဖြစ်ပွားနေသည့် အချိန်များတွင် ပြည်ပ အ၀င် အထွက် ဖြစ်သည့် ဆိပ်ကမ်းနှင့် လေဆိပ်များတွင် ကျန်းမာရေး စစ်ဆေးမှုများကို ယခင်ကထက် တင်းကျပ်လေ့ ရှိခြင်းကြောင့်သာ ကျန်းမာရေး အဖွဲ့ကို မဖြစ်မနေ ခွင့်ပြုရခြင်း ဖြစ်သည်။

၎င်းသင်္ဘောသည် မြန်မာနိုင်ငံတွင် ဆန်တန်ချိန် ၈၀၀၀ ခန့်သယ်ဆောင်ရန် အတွက် အိန္ဒိယ သမ္မတနိုင်ငံ ကိုလ်ကတ္တားမြို့မှ မြန်မာနိုင်ငံသို့ဇွန် ၂၇ ရက်ဝန်းကျင်တွင် ရောက်ရှိမည်ဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဇွန် ၂၅ ရက်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား သင်္ဘောများဆိုက်ကပ်မည့် ဆိပ်ကမ်းများကို လုံခြုံရေး တင်းကြပ်စွာ ချထားလေ့ရှိပြီး ကုန်တင်ကုန်ချ လုပ်ငန်းများ ကိုပင် အရပ်ဘက် အစိုးရ အဖွဲ့အစည်းများကို လုပ်ဆောင်ခွင့်မပြု စစ်တပ် ကိုယ်တိုင် လာရောက် ကုန်တင်ချ ပြုလုပ်လေ့ ရှိသည်ဟု သိရသည်။

ယခင်နှစ်များက မြောက်ကိုရီးယားသင်္ဘောများကို ဆိပ်ကမ်းတွင် မကပ်ဘဲ ရေလယ် ကျောက်ချစခန်းများတွင် ကျောက်ချရပ်နားကာ တွဲသင်္ဘောများဖြင့်ကုန်ချလေ့ရှိသည်။ ကုန်ချလုပ်ငန်းပြီးစီးမှသာ ဆိပ်ကမ်းသို့ဆိုက်ကပ်၍ ဆန် တင်ဆောင်ကာ ပြန်လည် ထွက်ခွာ ခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု၏ စစ်သင်္ဘောတစ်စီးက နောက်ယောင်ခံလိုက်နေသော အသေးစား စစ်လက်နက်ပစ္စည်းများ သယ်ဆောင် လာသည်ဟုယုံကြည်ရပြီး မြန်မာနိုင်ငံသို့ ဦးတည်သွားနေသည်ဟု ယူဆရသော မြောက်ကိုရီးယားသင်္ဘော M.V KANG NAM 1 သင်္ဘောသည် လာရာလမ်းအတိုင်း ပြန်လှည့်သွားပြီဖြစ်သည်ဟု အမေရိကန် စစ်အရာရှိများက သတင်းဌာနများကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသင်္ဘောများသည် ၂၀၀၃ ခုနှစ်ဝန်းကျင်ကတည်းက စစ်လက်နက်များတင်ဆောင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ၀င်ရောက်ဆိုက်ကပ်ခဲ့ကြပြီး ယခုကမ္ဘာ့မီဒီယာများက ရေးသားလိုက်သောအခါ မြောက်ကိုရီးယား သင်္ဘောများနှင့် ပတ်သက်ပြီး လူအများက စိတ်ဝင်စားမှု ပိုလာခဲ့ကြသည်။
source by : မိုးမခ၊ ဒီရေ ၊ ငွန်ငယ်မိုး

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .