အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲဝယ်

Anonymous | 1:51 AM |

မဇ္ဈိမ / ''လူထုကို လူထုနဲ့ တိုက်ရမယ်၊ နိုင်ငံရေးကို နိုင်ငံရေးနဲ့ တိုက်ရမယ်'' ဟု မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများနှင့် တွေ့ဆုံပွဲတခုတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ညွှန်ကြားခဲ့ကြောင်း မဇ္ဈိမက လက်ခံရရှိထားသည့် ညွှန်ကြားစာအရ သိရခြင်း ဖြစ်သည်။

“လူထုကို လူထုဖြင့် တိုက်ရမယ်။ နိုင်ငံရေးကို နိုင်ငံရေးနဲ့ တိုက်ရမယ်။ ကိုယ်တိုင်သွား မပါနဲ့။ သေသေချာချာ လုပ်ပါ။ လုပ်စရာရှိတာ ရဲရဲလုပ်ပါ” ဟု သူက ညွှန်ကြားခဲ့သည်။

စာမျက်နှာ ၆ မျက်နှာပါ ညွှန်ကြားစာတွင် NGO (အစိုးရမဟုတ်သောအဖွဲ့) များကို အစိုးရဘက် ပါလာအောင် မွေးမြူထားရန်၊ လူထုကို စည်းရုံးရန်၊ စစ်တပ်ကို ထိပ်တိုက်မတွေ့ရန်၊ ပြည်ထဲရေး ဝန်ထမ်းများ ဝင်ငွေတိုးရေး လုပ်ဆောင်ရန်နှင့် NLD ပါတီကို စောင့်ကြည့်ရန်လည်း ပါရှိသည်။

ပြည်ထဲရေးဌာန ဝန်ထမ်းများအနေဖြင့် ပြည်သူထံမှ တောင်းမစားဘဲ အာဏာဖြင့် ဖမ်းဆီးစားသောက်ရမည်ဟု ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့သေးသည်။

“မှောင်ခိုနဲ့ ပတ်သက်လာရင် ဖမ်းပါ။ သတင်း တင်ပြပါ။ ကား မိမိ၊ ဆိုင်ကယ် မိမိ Custom (အကောက်ခွန်) ကို အပ်ပါ။ ၅၀ ရာခိုင်နှုန်း ဆုငွေရမယ်။ တောင်းမစားနဲ့ ဖမ်းစားပါ” ဟု ညွှန်ကြားစာထဲတွင် ပါရှိသည်။

ထို့အပြင် ၂၀၀၇ ခုနှစ်နောက်ပိုင်း ကန့်ကွက်ရှုတ်ချပွဲများ ပြုလုပ်ရန် အစီအစဉ်များရှိကြောင်း တနိုင်ငံလုံးရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများမှ အကြီးအကဲများကို ပြောကြားခဲ့သည်။

ထိုသို့ ညွှန်ကြားအပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း သံဃာတော်များ ဦးဆောင်သည့် မေတ္တာပို့ ဆုတောင်းပွဲများနှင့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး၊ နောက်ပိုင်းတွင် တိုင်းနှင့် ပြည်နယ်အချို့၌ အာဏာပိုင်များ ဖွဲ့စည်းထားသည့် ကြံ့ဖွံ့အသင်းမှ ဦးဆောင်ကာ သံဃာတော်များ၏ လှုပ်ရှားမှုများအပေါ် ကန့်ကွက်ရှုတ်ချပွဲများ လုပ်ဆောင်ခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ဦးဆောင်သည့် အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထဲရေး ဒုဝန်ကြီးနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်လည်း တက်ရောက်ခဲ့သည်။

ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေက ပြည်နယ်များအလိုက် တိုင်းရင်းသားများကို ယုံကြည်မှု တည်ဆောက်ရန်နှင့် နိုင်ငံရေးပါတီအဖြစ် ဝင်ရောက်နိုင်ရေးအတွက် ပြင်ဆင်ထားကြရန် အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။

ထိုစဉ်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးမြတ်ကိုကလည်း ခရိုင်ကောင်စီ (ခယက) ဥက္ကဋ္ဌများကို လူမှုရေး အသင်းအဖွဲ့များ ဖွဲ့စည်းမှုတွင် ထောက်ခံတင်ပြပေးခြင်းကို ပြန်လည်စိစစ်ရန်နှင့် ရုံးလုပ်ငန်းဆိုင်ရာ အသုံးစရိတ်များ ချွေတာသုံးစွဲရန် ယင်း တွေ့ဆုံစည်းဝေးပွဲတွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် ခရိုင် (ခယက) နှင့် မြို့နယ် (မယက) အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီများ တည်ရှိနေပြီး၊ အရပ်သား အချို့ကို ခယက ဥက္ကဋ္ဌများအဖြစ် တာဝန်ပေး ခန့်အပ်ထားသည်။ တနိုင်ငံလုံးတွင် ခရိုင်အုပ်ချုပ်ရေး ဒေသ ၆၂ ခု ခွဲခြားထားသည်။

တိုင်း (တယက) နှင့် ပြည်နယ် (ပယက) ကောင်စီများကိုမူ ဒေသတွင်းရှိ သက်ဆိုင်ရာ တိုင်းမှူးများက အကြီးအကဲအဖြစ် တာဝန်ယူ ကိုင်တွယ်ထားသည်။ www.mizzimaburmese.com/news မှ ရယူပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .