မစ္စ ဟီလာရီ ကလင်တန်၏ ကမ်းလှမ်းချက် နှင့် အတိုက်ခံတို့ သဘောထားများ

Anonymous | 1:54 PM |

ဒေါင်းတမာန် / ဇာနည်ဝင်း / စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးချဲ့မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ ဗုဒ္ဓဟူးနေ့က ပြောဆို ချက်မှာ လုံလောက်သည့် ကမ်းလှမ်းချက် မဟုတ်ဟု အတိုက်အခံတို့က ယူဆနေကြသည်။

“သူ့ကိုသာ လွှတ်ပေးလိုက်ရင် အခွင့်အလမ်းတွေ အများကြီး ပွင့်လာမှာ ဖြစ်ပါတယ်။ ကျမတို့ နိုင်ငံကလည်း မြန်မာပြည်မှာ ရင်းနှီး မြှုပ်နှံတာမျိုး အပြင် မြန်မာပြည်နဲ့ ဆက်ဆံရေးကို တိုးချဲ့ပေးမှာ ဖြစ်ပါတယ်” ဟု အာဆီယံ ဒေသတွင်း အစည်းအဝေးသို့ ရောက်ရှိစဉ် ဟီလာရီ ကလင်တန်က ပြောသည်။

စီးပွားရေး ပိတ်ဆို့မှု တခုတည်းနှင့် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးမှာ အောင်မြင်မည် မဟုတ် ဟူသော အချက်ကို လက်ခံသော်လည်း ဟီလာရီ ကလင်တန်၏ ပြောကြားချက်ကို စိတ်ပျက်မိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေး ဌာနမှ ကိုမိုးဇော်ဦးက ပြောသည်။

“လွှတ်ရင် ရင်းနှီးမြှုပ်နှံမယ် ဆိုတော့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသလို ဖြစ်နေတယ်။ အပြောင်းအလဲ တခုခုဖြစ်ဖို့ စစ်အစိုးရကို တခုခု လိုက်လျောတာကတော့ ကောင်းပါတယ်၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်ရုံနဲ့ မပြေလည်နိုင်ဘူး။ ထိရောက်တဲ့ ဖိအားတော့ ဆက်ပြီး ပေးထားသင့်တယ်” ဟု ကိုမိုးဇော်ဦးက ဆိုသည်။

ဟီလာရီ ကလင်တန်၏ ပြောဆိုချက်ကို ရန်ကုန်မြို့မှ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်များကလည်း အားရ ကျေနပ်မှု မရှိပေ။ ထိုပြောဆိုချက်မှာ အမေရိကန်ပြည်ထောင်စု၏ မူဝါဒရေးဆိုင်ရာ အားနည်းမှုကို ဖော်ပြနေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ယူဆသည်။

“အမျိုးသား ပြန်လည် သင့်မြတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့အချက်ကို ဘယ်သွားထားမလဲ။ ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအရေးတွေလည်း ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းနိုင်တယ်ဆိုတာကို သူတို့ မသိဘူးလား” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

မြန်မာပြည် အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ခြင်း တခုတည်းနှင့် လုံလောက်ခြင်း မရှိဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ နိုင်ငံခြားရေးရာ ကော်မတီမှ တာဝန်ခံ ကိုမင်းနိုင်ကလည်း ယူဆနေသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ် ဆိုရင်တောင် ဒါက ပထမအဆင့်ပဲ ရှိဦးမယ်၊ နိုင်ငံရေး အကျဉ်းသားတွေ အကုန် လွတ်ဖို့လိုတယ်။ ဒီမိုကရေစီအရေး နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတဲ့ အဆင့်တွေကို သွားဖို့ အခြေခံ ဥပဒေကို ပြန်သုံးသပ်ပြီး ပြင်တာတွေ ဆက်လုပ်ဖို့ လိုတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် ကိုမင်းနိုင်က ဧရာဝတီကို ပြောသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုများကို ၁၉၈၈ခုနှစ် လူထုဆန္ဒပြပွဲများ အကြမ်းဖက် ချေမှုန်းခံရချိန်မှ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ စသည့် အဖွဲ့အစည်းများကလည်း မြန်မာပြည်သို့ ကူညီမှုများ ရပ်ဆိုင်းခဲ့သည်။

မြန်မာပြည်အား စီးပွားရေး ပိတ်ဆို့မှုကို နိုင်ငံတိုင်းက ထောက်ခံကြခြင်း မရှိပေ။ အနောက် နိုင်ငံတို့၏ မူဝါဒကို ပြန်လည် သုံးသပ်ကြရန် အရှေ့တီမော သမ္မတက အကြိမ်ကြိမ် တိုက်တွန်း ထားသည်။

“သူတို့ခေါင်းဆောင်တွေရဲ့ မကောင်းမှုတွေ အတွက် ပြည်သူ လူထုကိုတော့ ဒဏ်မခတ်သင့်ပါဘူး” ဟု အရှေ့တီမော သမ္မတ မစ္စတာဟော်တာက ဘန်ကောက်မြို့သို့ ယခုနှစ်ဆန်းပိုင်းက ရောက်ရှိစဉ် ပြောကြားခဲ့ဖူးသည်။

စစ်အစိုးရကလည်း စီးပွားရေးပိတ်ဆို့မှုကို အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။

ဤအတောအတွင်း မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ပိတ်ဆို့ သည့် ဥပဒေကို တနှစ် သက်တမ်း ထပ်မံ တိုးရန် အမေရိကန်အောက် လွှတ်တော်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်သည်။

အတိုက်အခံ များကမူ စီးပွားရေးပိတ်ဆို့မှုကို ဒီမိုကရေစီအရေးအတွက် လိုအပ်ချက်တခု အဖြစ် ရှုမြင်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဖူးကက်မြို့တွင် ပြုလုပ်သည့် အာဆီယံ နှင့် ဆွေးနွေးဖက် နိုင်ငံများ အစည်းအဝေး (ARF) တွင် မြန်မာ့အရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်အစိုးရကို တိုက်တွန်းခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုသည့် အစပိုင်းကာလတွင် နေ့စဉ်ရက်ဆက် ရုံးတင် စစ်ဆေးခဲ့သည်။ ထိုသို့ နေ့စဉ် စစ်ဆေးမှုကြောင့် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သောအမှုကို အာဏာပိုင်တို့က အမြန်ဆုံး အဆုံးသတ်မည် ဟု အများက ယူဆခဲ့ကြသည်။ သို့သော်လည်း တရားရုံးတွင် ကမန်းကတန်း စစ်ဆေးနေသည့် အရှိန်ကို အာဏာပိုင်တို့က လျှော့ချလိုက်သည်။

ဤအတောအတွင်း ဟီလာရီ ကလင်တန် အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အစိုးရ ကိုယ်စားလှယ်များ တက်ရောက်သည့် ARF အစည်းအဝေး ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြန်မာ့အရေး ဦးစားပေး ဆွေးနွေးသည့် ARF အစည်းအဝေး ပြီးသည့်ကာလရောက်မှ စီရင်ချက်ချရန် စီစဉ်လိုက်ခြင်းမှာ အာဏာပိုင်တို့၏ ပါးနပ်သည့် ခြေလှမ်းဖြစ်သည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။

လွန်ခဲ့သည့် ၆ လက အာရှတိုက်သို့ ဟီလာရီ ကလင်တန် ရောက်ရှိစဉ် မြန်မာပြည်အပေါ် ထားရှိသည့် မူဝါဒကို ပြန်လည် သုံးသပ်မည်ဟု ကြေညာခဲ့သဖြင့် မည်သို့ မည်ပုံ ပြောင်းလဲမည်ကို အကဲခတ်များက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။

ပြီးခဲ့သည့် အပတ်က ARF အစည်းအဝေး တက်ရောက်ရန် ဝါရှင်တန်မှ ထွက်ခွာစဉ် မြန်မာ့အရေး အတွက် မူဝါဒသစ် မရှိဘဲ ဟီလာရီ ကလင်တန် အာရှတိုက်သို့သွားပြီဟု Washington Post သတင်းစာက ရေးသားခဲ့သည်။

ARF အစည်းအဝေးရောက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလျှင် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမည်ဟု တစိုက်မတ်မတ် ကိုင်စွဲလာသည့် စီးပွားရေး ပိတ်ဆို့မှု အရေးယူခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ကမ်းလှမ်းမှုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“မူဝါဒ ပြင်ဆင်တာကတော့ သူတို့ သဘောပဲ။ မြန်မာပြည်အတွက် အကျိုးရှိပြီး ပြည့်စုံတဲ့ မူဝါဒမျိုး ဖြစ်ရင်တော့ ကောင်းတာပေါ့” ဟု ဗကသ နိုင်ငံခြားရေးရာ ကော်မတီမှ ကိုမင်းနိုင်က ပြောသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .