ငြိမ်းချမ်းစွာ ချီတတ်လမ်းလျှောက်ပွဲ ထိုင်းနှင့်မြန်မာ ပူးပေါင်းကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်ပြုလုပ်ခဲ့

Anonymous | 11:47 PM |


မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန်အတွက် ထိုင်းနှင့်မြန်မာနိုင်ငံသားများ ပထမဆုံးအကြိမ်ပူးတွဲကာ ယနေ့နံနက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မေတ္တာပို့လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့သည်။ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လမ်းလျှောက်ပွဲကို ကျင်းပခြင်းဖြစ်ပြီး မြန်မာ့အရေးဆောင်ရွက်နေကြသည့် ထိုင်းအစိုးရမဟုတ်သောအဖွဲ့ (၆) ဖွဲ့နှင့် မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအဖွဲ့အချို့တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ လမ်းလျှောက်ပွဲ ဦးဆောင်သူတဦးဖြစ်သူ Forums-Asia အဖွဲ့မှ ခွန်ချာလီဒါဖားကျလိမ်းဆတ်က “ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ လမ်းလျှောက်ပွဲ ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောသည်။


မေတ္တာပို့လမ်းလျှောက်ပွဲကို လူအင်အား (၂၀၀) ခန့်က မဲဆောက်မြို့ထိပ်ရှိ ထိုင်းသူရဲကောင်းကျောက်တိုင်မှ မဲဆောက်မြို့ကိုဖြတ်ကာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအထိ (၁၀) ကီလိုမီတာအကွာအဝေးကို လမ်းလျှောက်ကြပြီး လမ်းခရီးတလျှောက်တွင် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသည့်ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြပြီး မြန်မာသံဃာတော်များက မေတ္တာသုတ်များ ရွတ်ဆိုပေးကြသည်။

မေတ္တာပို့လမ်းလျှောက်ရာတွင်ပါဝင်သည့် ဂျာမနီမှကြွရောက်လာသည့် ဘုန်းတော်ကြီး အရှင်သောပါကမှ “မြန်မာပြည်မှာ ငြိမ်းချမ်းရေးရစေချင်တယ်။ ဦးပဉ္စင်းတို့တိုင်းပြည်မှာ ပြည်တွင်းစစ်တွေဖြစ်နေတယ်၊ နျူကလီးယားတွေထုတ်နေတယ်၊ ဒါတွေကိုစိုးရိမ်တယ်။ ဒါကြောင့် အခုလိုမေတ္တာပို့လမ်းလျှောက်ရတာဖြစ်တယ်” ဟု မိန့်ကြားသည်။

အစီအစဉ်အရ သောင်ရင်းမြစ်ကမ်းနားအထိ မေတ္တာပို့သရန်ရှိသော်လည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားခွင့်မပြုဘဲ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းအထိသာ ခွင့်ပြုသဖြင့် ညနေ (၃) နာရီခွဲခန့်တွင် မေတ္တာပို့လမ်းလျှောက်ပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

မြ၀တီ-မဲဆောက် ခရီးသည်တင်ယာဉ်မောင်းတဦးက “မြ၀တီဘက်ကတော့ ဒီကိစ္စ အတော့်ကိုသတိထားတယ်။ ဒီနေ့လမ်းလျှောက်ပွဲရှိတော့ မနက်ကတည်းကနေ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင် အကုန်လုံးပဲ ကမ်းနားတလျှောက်မှာ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားတယ်။ ဒါလည်း ဟာသတမျိုးပဲ” ဟု ပြောသည်။

ယခင်က အလားတူ မြန်မာများ မေတ္တာပို့လမ်းလျှောက်ပွဲကျင်းပရာ ဒေသခံအာဏာပိုင်များက ခွင့်မပြုဘဲ ဖမ်းဆီးမှုများရှိခဲ့ရာမှ ယခုတကြိမ်တွင် ခွင့်ပြုချက်ရရှိပြီး လမ်းခရီးလုံခြုံရေးအတွက်ပါ တာဝန်ယူပေးခဲ့သည်။
သတင်း NEJ မှ ရယူသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .