ဆန္ဒပြ ထိုင်းအလုပ်သမားများ၏ တောင်းဆိုချက်များ အောင်မြင်

Anonymous | 11:52 PM |

အလုပ်သမား အခွင့်အရေး ချိုးဖေါက်ခံရမှုများကို မကျေနပ်ကြသဖြင့် အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြသော မြန်မာအလုပ်သမား၏ တောင်းဆိုချက်များအားလုံးကို အလုပ်ရှင်မှ လိုက်လျောမည်ဟု ယနေ့တွင် ကတိပြုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တောင်ဘက် ချုံဘူရီခရိုင်၊ စမူပါကန်၊ တလာဘန့် ချလုံအရပ်တွင်ရှိသော aerosoft ဖိနပ်စက်ရုံမှ မြန်မာအလုပ်သမားများက ၎င်းတို့၏ တောင်းဆိုချက်များအတွက် ပြီးခဲ့သော စနေနေ့ (အောက်တိုဘာ ၃ရက်)တွင် စတင်ပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အလုပ်သမားများမှ ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ကို အကူအညီတောင်းခံခဲ့သဖြင့် အဆိုပါအဖွဲ့မှ ကိုအောင်မြင့်သိန်းနှင့် ထိုင်းရှေ့နေ (၂)ယောက်က လာရောက်ကူညီခဲ့ကြသည်ဟု ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ကိုကျော်စိုးပိုင်က အခုလိုပြောပြသည်။

“ဒီနေ့ မနက်ပိုင်းမှာ ကိုအောင်မြင့်သိန်းနဲ့ ထိုင်းရှေ့နေ (၂)ယောက် ရောက်လာတယ်။ နယ်မြေအလုပ်အကိုင် ရှာဖွေရေးရုံးမှာ တိုင်ချက်ဖွင့်ကြတယ်။ ကျနော်အပါအ၀င် အလုပ်သမားခေါင်းဆောင် (၇)ယောက်ပါတယ်ပေါ့နော်။ ကျနော်တို့ အပြည့်အစုံ တင်ပြပြီးတော့ ဖိနပ်စက်ရုံကို သွားကြတယ်။ အလုပ်အကိုင် ရှာဖွေရေးရုံးက လူကြီးတွေက မန်နေဂျာကို ပြောတယ်။ အစိုးရ သတ်မှတ်ထားတဲ့ နေ့တွက်လုပ်အားခ မညီတာတွေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖေါက်ခံရတာတွေကို မကျေနပ်ကြလို့ လာရှင်းရတာဖြစ်တယ်။ အဲဒါဟုတ်လားလို့ မေးတော့ မန်နေဂျာမ ကလည်း မငြင်းတော့ဘူး။ သူဌေးမတော့ မလာဘူး။ ဖုန်းပဲဆက်တယ်။ ကျနော်တို့ တောင်းဆိုတဲ့ အချက်တွေကို လိုက်လျောမယ်လို့ ကတိပေးတယ်။ ပြီးတော့ ကျနော်တို့ကိုလည်း အလုပ်ရုံ စည်းကမ်းအတိုင်း ကောင်းကောင်းမွန်မွန် အလုပ် လုပ်ကြဖို့ ပြောသွားတယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားများမှာ မိမိတို့ စည်းလုံးညီညွှတ်မှုကြောင့် အောင်မြင့်မှု ရခဲ့ကြသဖြင့် အထူးဝမ်းမြောက် နေကြကြောင်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုလှစိုးက ပြောပြသည်။

အဆိုစက်ရုံတွင် မြန်မာအလုပ်သမား သုံးထောင်ဝန်းကျင်ခန့် ရှိနိုင်ကြောင်း အလုပ်သမားများ၏ ပြောဆိုချက်အရ သိရှိရသည်။
http://ghre.org/mm/index.php?option=com_content&view=article&id=389:2009-10-05-13-30-34&catid=1:latest-news&Itemid=54 မှရယူသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .