Global Witness အစီရင်ခံတွင် တရုတ်ကို သစ်မှောင်ခို ခိုးထုတ်နေဆဲ ဟုဖော်ပြထား

Anonymous | 2:19 AM |



RFA News ၊ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သစ်မှောင်ခိုတင်သွင်းတာ သိသိသာသာ နည်းပါးသွားပေမဲ့ သစ်မှောင်ခိုသမားတွေဟာ တရုတ်ကုမ္ပဏီတွေဆီ သစ်တွေ တင်ပို့နေတုန်းပဲလို့ ဗြိတိန်အခြေစိုက် Global Witness ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ သက်သေသာဓက အသင်းက ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီ တရုတ်သစ်ကုမ္ဂဏီတွေဟာ ဥရောပ၊ အမေရိကန်နဲ့ ကမ္ဘာတဝန်းလုံးကို သစ်တင်ပို့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက ဒီ သစ်မှောင်ခိုလုပ်ငန်း ရပ်ဆိုင်းသွားအောင် တရုတ်နဲ့ မြန်မာအာဏာပိုင်တွေက ကြိုးပမ်းအားထုတ်ကြပါလို့ Global Witness က တောင်းဆိုပါတယ်။

၂၀၀၅ခုကနေ ၂၀၀၈ ခုအတွင်း တရုတ်နိုင်ငံထဲ မြန်မာနိုင်ငံက သစ်လုံးနဲ့ ခွဲသား ၇၀ ရာခိုင်နှုန်းလောက် မတင်သွင်းတော့ပေမဲ့ အဂတိလိုက်စားတာ၊ စာရွက်စာတမ်းအတု လုပ်တာအပြင် အပြင် ဥပဒေသက်ရောက်မှု အားနည်းတာတွေ ရှိတဲ့အတွက် သစ်မှောင်ခိုလုပ်ငန်း ရှိနေတုန်းပဲလို့ ဖော်ပြပါတယ်။

ဒီလို သစ်မှောင်ခိုလုပ်ငန်း ရှိနေတာကြောင့် မြန်မာနို်င်ငံမြောက်ပိုင်းက သစ်တောတွေ မြန်မြန်ဆန်ဆန် ပြုန်းတီးနေတယ်လို့ Global Witness က ထောက်ပြပါတယ်။

မနှစ်ကဆို တရုတ်နိုင်ငံ ကူမင်းကို မြန်မာနိုင်ငံဘက်က သစ်လုံး ကုဗမီတာ ၂ သိန်းခွဲကျော်နဲ့ သစ်ခွဲသား ကုဗမီတာ တသိန်းခွဲကျော် ရောက်ရှိလာပြီး အများစုဟာ မှောင်ခိုသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သစ်တော မူဝါဒရေးရာ တာဝန်ခံ Mr. Jon Buckrell က ဝင်လာတဲ့ သစ်တွေကို သစ်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ကမ္ဘာတဝန်းကို တင်ပို့ပါတယ်။ အဲဒီနည်းနဲ့ တရုတ်ကနေ ကမ္ဘာကို တရားဝင်နည်းနဲ့ သစ်တွေတင်ပို့ပါတယ်လို့ ပြောသွားပါတယ်။

ဒီသစ်တွေကို နောက်ဆုံး အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနိုင်ငံတွေကို သစ်ပရိဘောဂအဖြစ် အများဆုံး တင်ပို့တဲ့အကြောင်းလည်း Global Witness က ဖော်ထုတ် တင်ပြထားပါတယ်။

၂၀၀၅ခု နှစ်ကဆို တရုတ်-မြန်မာနယ်စပ်မှာ ၇ မိနစ်တိုင်း သစ် ၁၅တန်ပါတဲ့ သစ်တင်ကား တစီးနှုန်းနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး သစ်မှောင်ခိုနေတယ်လို့ Global Witness က ဆန်းစစ်ပြပါတယ်။ Global Witness ဟာ သဘာဝ သယံဇာတတွေကို မတရား အမြတ်ထုတ်ယူတာနဲ့ မှောင်ခိုကူးတာကို တိုက်ဖျက်ဖို့ ကြိုးစားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

Global Witness အဖွဲ့က ဒီကနေ့ ထုတ်ဝေလိုက်တဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တရားမဝင် သစ်ထုတ်လုပ်မှုတွေကို ဖော်ထုတ်ရေးသားထားတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ သစ်တောဆိုင်ရာ မူဝါဒရေးရာတာဝန်ခံ Mr. Jon Buckrell ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
TAG FROM ; http://www.rfa.org/burmese/news

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .