ပြည်သူတို့၏ စားဝတ်နေရေးကို မျက်ကွယ်ပြုလျှက် နေပြည်တော်တွင် ဟိုတယ်အသစ်ကြီး ထပ်မံတည်ဆောက်ထား

Anonymous | 4:00 AM |


ဖြိုးဝေ-mmp | နိုဝင်ဘာလ၊ (၂၇)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် “နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီး နေပြည်တော်တွင် တည်ဆောက်ထားပြီ” ဆိုသည့် ခေါင်းစဉ်ဖြင့် ၄င်းဟိုတယ်ဓါတ်ပုံများကို ဝေဝေဆာ ဆာဖော်ပြထားပါသည်။ အဆိုပါ ဟိုတယ်ကို Mount Pleasant Hotel ဟုအမည်ပေးထားပြီး၊ နေပြည်တော်ရှိ ဥတ္တရသီရီမြို့အနီး ဖိုဇောင်တောင်ထိပ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ဟိုတယ်ဖွဲ့စည်းပုံမှာ ပင်မဟိုတယ် အဆောက်အဦးအပါအဝင် လုံးချင်းဘန်ဂလိုများပါပါဝင်သည်။

“အခုလို ဟိုတယ်အကြီးကြီး ဆောက်လိုက်တာဟာ ငွေကုန်ကြေးကျအရမ်းများမှာပါ။ ဟိုတယ်ဆောက်တာ မကောင်းဖူးလို့မပြောလိုပါဖူး၊ ကောင်းပါတယ်။ ဒါပေမယ့် နေပြည်တော်လိုနေရာမျိုးမှာ ဆောက်တာကိုတော့စိတ်ပျက်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဟိုတယ်ရဲ့ဘေးမှာတောအုပ်ကြီး၊ ပြည်တွင်းက ဘယ်သူကမှ အကုန်အကျခံပြီးတည်းမှာ မဟုတ်သလို၊ နိုင်ငံခြားသားဧည့်သည်တွေကလဲ နေပြည်တော်မှာ တည်းမှာမဟုတ်လောက်ပါဖူး”ဟု ရန်ကုန်မြို့ခံတစ်ဦးက သုံးသပ်ပါသည်။

ရန်ကုန်၊ ပြင်ဦးလွင်၊ မန္တလေးအစရှိတဲ့ မြို့များတွင် တည်ဆောက်ပါက စိတ်ဝင်စားစရာရှုခင်းတွေ၊ သွားလာလည်ပတ်စရာတွေ များစွာရှိသဖြင့် တည်းခိုသူများအား စိတ်ချမ်းမြေ့ဖွယ်ပေးနိုင်မည်ဖြစ်သည်။ ခရီးသွားတစ်ဦးအနေဖြင့် နေပြည်တော်ကို ရွေးချယ်ဖို့ အတော်ခက်ခဲလှပါသည်။ နေပြည်တော်တွင် နိုင်ငံ့ငွေကြေးကို အမြောက်များသုံးစွဲကာ ဟိုတယ်ဇုန်တွင် ဟိုတယ် ပေါင်း (၂၂) ခု တည်ဆောက်ထားပြီးဖြစ်သည်။

“အဆောက်အဦးတွေဆောက်တဲ့ အတွက် ဒီမိုကရေစီရပြီး၊ နောက်တက်မယ့် အစိုးရအတွက် ပြန်လည်အသုံးဝင်လာမှာပါ။ နာဂစ်မုန်တိုင်းဖြစ်ပြီးနောက်ပိုင်း ပြည်သူတွေစားဝတ်နေရေး အရမ်းကိုကျပ်တည်းနေချိန်မှာ စစ်အုပ်စုက ပြည်သူလူထုရဲ့ စားဝတ်နေရေးပြေလည်ဖို့ကို အဓိကထား လုပ်ဆောင်သင့်တယ်လို့ မြင်တယ်”ဟု အရှင်ထာဝရမှ မိန့်ကြားသွားပါသည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး အစိုးရအဖွဲ့ရုံးအပါအဝင် ဝန်ကြီးဌာနများကို ယခင်မြို့တော်ဟောင်း ရန်ကုန်မှ ပျဉ်းမနားမြို့အနီးသို့ ပြောင်းရွှေ့ပြီး နေပြည်တော် မြို့တော်သစ်အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်သူတို့၏စားဝတ်နေရေးကို မျက်ကွယ်ပြုကာ နေပြည်တော်မြို့သစ်အဖြစ် တည်ထောင်ထားသည်မှာ ယခုဆို ၄ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .