ပြည်တွင်း သတင်းဂျာနယ်များ `မီးစိမ်းပြ´မှုခင်းသတင်းများသာ ထည့်ခွင့်ရ

Anonymous | 2:40 AM |

မိုးမခ အထောက်တော်၊ ရန်ကုန် | ပြည်တွင်း သတင်းဂျာနယ်များတွင် ပြည်တွင်းမှုခင်းသတင်းများနှင့် ပတ်သက်လျင် မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်သည့်သတင်းများကို ရရှိပေမယ့် ရေးသားခွင့်မရှိဘဲ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပေးသည့် `မီးစိမ်းပြ´ သတင်းများကိုသာ ထည့်သွင်း​ဖေါ်ပြခွင့်ရပါတော့တယ်။

ရန်ကုန်မြို့မှာဖြစ်ပျက်တဲ့ မှုခင်းသတင်းများမှာ သတင်းထောက်တွေက အချက်အလက် အစုံအလင်ရရှိပေမယ့် လည်း ရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်တဲ့ အမှုတွဲနံပါတ် (ပ နံပါတ်) ကိုမရရင် စာပေစိစစ်ရေးက ဖေါ်ပြခွင့် မပြုတဲ့နည်းကိုလည်းသုံးစွဲ နေတာလည်း ဖြစ်ပါတယ်။

ထိုသို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့် စိတ်ကြိုက် ထုတ်ပြန်လိုသည့်သတင်း ကိုသာ ထုတ်ပြန်ပြီး ဂျာနယ်တိုင်းတွင် သူတို့ထုတ်ပြန်သည့် မူရင်းအတိုင်းနီးပါး ပြန်လည်ရေးသား ဖေါ်ပြကြရတာဖြစ်ပါတယ်။

သတင်းထောက်များက ထို့ထက်ပို စုံစမ်းမေးမြန်းပြီး ရေးသားခွင့်မရှိတာ ကိုလည်း တွေ့ရပါတယ်။ ဥပမာအားဖြင့် ဒီဇင်ဘာလ ဒုတိယပတ်တွင် `ရန်ကုန်တွင် လေးရက်အတွင်း အနှိပ်ခန်း ၃ခု ဖမ်းဆီး´ ဆိုသည့် ခေါင်းစဉ်ဖြင့် ပြည်တွင်းထုတ်ဂျာနယ် တစောင်တွင် ဖေါ်ပြထားရာတွင် နိုဝင်ဘာ ၂၆ရက်မှ ၂၉ရက်အတွင်း မင်္ဂလာဒုံ အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် လှည်းကူးမြို့နယ်တို့ရှိ အနှိပ်ခန်း ၃ ခန်းကို တာဝန်ရှိသူများက ၀င်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ် လို့ဖေါ်ပြကြပါတယ်။ အခြားဂျာနယ်များမှာလည်း အလားတူ သတင်းအချက်အလက် အတိုင်းဖေါ်ပြ ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်လယ်ဝန်းကျင်မှာ သင်္ဃန်းကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ လင်မယား နှစ်ယောက်အသတ်ခံရမှုကို ဖလားဝါးနယူးစ် ဂျာနယ်မှ သတင်းထောက်က သက်ဆိုင်ရာ စခန်းမှာ မေးမြန်းပြီးရေးသားရာက သတင်းထောက် စောမြင့်သန်း (ပေါက်တော) ကို ရန်ကုန်တိုင်းရဲက ခေါ်ယူကြိမ်းမောင်းခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်က လျင်မြန်စွာ အင်တာနက် သတင်းတွေပေါ်ရောက်ရှိခဲ့ပြီး နောက်မှာ သတင်းထောက်ကိုပါ ဆက်လက်ဖမ်းဆီးခံခဲ့ရတဲ့ အမှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်နောက်ပိုင်း မှုခင်းသတင်းနဲ့ပတ်သက်လာရင် ရန်ကုန်တိုင်းရဲရုံးကသာ ထုတ်ပြန်ပေးမယ်။ ထုတ်ပြန်တဲ့သတင်းတွေကိုသာ ဖေါ်ပြခွင့်ရမယ်သဘောဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အခြားတဖက်မှာတော့ ရဲတပ်ဖွဲ့ ရံပုံငွေအဖြစ် ထုတ်ဝေလျက်ရှိတဲ့ မှုခင်းဂျာနယ်တွေမှာ လင်မယားဖောက်ပြန်၍ လူသတ်မှု ဒါးထိုးမှု ဖြစ်သည့် သတင်းများ၊ မုဒိမ်းမှုခင်းသတင်းများဖြင့် ဂျာနယ်ရောင်းကောင်း အောင်လုပ်ဆောင်ပြီး တရားရုံးစီရင်ချက်မချမီမှာ “တရားခံ” ဟု သမုတ်ရေးသားခြင်း၊ အဖြစ်အပျက်ကို ပြန်လည် သရုပ်ပြခိုင်း၍ ဓါတ်ပုံရိုက်ထည့်သွင်းခြင်း စတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ ဖေါ်ပြမှုများကို ကျယ်ပြန့်စွာ ရေးသားနေကြပါတယ်။

ပုဂ္ဂလိကပိုင်မီဒိယာများ အတွက် မှုခင်းသတင်းတွေဟာ ပရိတ်သတ်စိတ်ဝင်စားဖွယ်ရာ သတင်းအမျိုးအစား တခုဖြစ်တာကြောင့် လွတ်လပ်စွာ သတင်းယူပြီး ရေးသား ဖေါ်ပြလိုကြပေမယ်လို့ ယခုလို ရဲတပ်ဖွဲ့မှ ထုတ်ပေးတဲ့ သတင်းတွေကိုသာ ထုတ်ပေးတဲ့ အချက်အလက်အတိုင်း ပြင်ဆင်ခွင့်မရှိပဲ ရေးသားဖေါ်ပြကြရပါတယ်။

Source : http://moemaka.blogspot.com/2009/12/burmese-police-censoring-crime-news-in.html

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .