ထွက်ခွာခွင့်တားမြစ်ခံခဲ့ရသော ကိုမေတ္တာတို့အဖွဲ့ ဂျပန်လာခွင့်ရသွားပြီ

Anonymous | 12:58 AM |

တိုကျို၊ ဇန္န၀ါရီ(၃၁)
ရေးသားသူ-သန့်မျိုးထွေး

ဂျပန်ဖျော်ဖြေပွဲအတွက် ရန်ကုန်လေဆိပ်တွင် ထွက်ခွာခွင့်ပိတ်ပင်တားဆီးခြင်းခံခဲ့ရသော လူရွင်တော်ကိုမေတ္တာဦးဆောင်သည့် တိုကျိုဆာကူရာအငြိမ့်အဖွဲ့ကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အကြောင်းပြချက်အနေနှင့် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှမသိရှိလိုက်သည့်အတွက် တားမြစ်ခဲ့ရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာမှ သိမ်းယူထားလိုက်သော အနုပညာရှင်များ၏ နိုင်ငံကူးလက်မှတ်များနှင့် ထွက်ခွာခွင့်ကို လွန်ခဲ့သော(၄)ရက်ခန့်က ကိုမေတ္တာအပါအ၀င် မိုးဒီ၊ မောစ့်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်စသည့် အငြိမ့်အဖွဲ့သားအားလုံးကို ခေါ်ယူပြန်လည်ပေးအပ်ပြီး ထွက်ခွာခွင့်ပြုလိုက်သည်ဟုအဆိုပါအဖွဲ့မှအနုပညာရှင်တဦးမှပြောပြသည်။

"ကျနော်တို့ကို မသွားသင့်ဘူးဆိုရင် ပါတ်စ်ပို့တွေ၊ ဒီဖောင်းတွေဘာတွေဖြည့်ကတည်းက ကျနော်တို့ပြန်ကြမယ်၊ အခုတော့သွားခါနီး လာခါနီးလေယာဉ်ပေါ်တက်ခါနီးတော့မှ ခဏလေးလာပါဦးလို့ဆိုပြီးတော့ အဲ့ဒါမျိုးက ကျနော်တို့အနုပညာသမားတွေအတွက် အရှက်တကွဲအကျိုးနည်းဖြစ်တာပေါ့နော်"ဟု အဖွဲ့ခေါင်းဆောင်ကိုမေတ္တာမှ လေဆိပ်တွင်တာဆီးခံရအပြီး မိုးသောက်ကြယ်သို့ပြောကြားခဲ့သည်။

ဆက်လက်၍ကိုမေတ္တာမှ- "အဲ့တော့ကျနော်တို့က ကျနော်တို့အစည်းအရုံးကိုတင်ပြမယ်၊ အစည်းအရုံးကခွင့်ပြုတယ်၊ သူတို့ကိုလည်း အထက်ကနေခွင့်ပြုပြီးသားကိစ္စဖြစ်တယ်။ ပြီးတော့ဂျပန်နိုင်ငံရောက် မြန်မာသံအမတ်ရဲ့ခေါ်ယူခွင့်ပြုချက်ကိုလည်း ရပါပြီလို့ဆိုတော့မှသွားတာကို လေဆိပ်ရောက်တော့မှ အတားခံရတယ်ဆိုတော့ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာကို မေးမယ်။ ရှင်းပြမယ်။ ကျနော်တို့မှာ မိဘသကဲ့သို့သဘောထားတဲ့ဝန်ကြီးရှိတယ်။ ၀န်ကြီးကိုယ်တိုင်ကလဲ ဒီကိစ္စကိုသိထားပြီးသားဖြစ်နေတယ်လို့ ယူဆတဲ့အတွက် ဘယ်လိုအဖြေထွက်လာမလဲဆိုတာကိုတော့ မသိသေးဘူး"ဟု လေဆိပ်တွင်တားဆီးခံရအပြီး ရုပ်ရှင်အစည်းအရုံးသို့သွားရောက်မဖြေရှင်းမီ ယခုလို ဆက်လက်ပြောပြခဲ့သည်။

ကိုမေတ္တာတို့အဖွဲ့ ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် တားဆီးခံရမှုနှင့်ပတ်သက်ပြီး ဂျပန်ရှိ မြန်မာအနုပညာရှင်တဦးက "သူတို့ထွက်ခွင့်မရတာက ပြည်ပရောက်ရင် အနုပညာရှင်တွေ နိုင်ငံရေးလုပ်မှာတို့၊ အစိုးရဆန့်ကျင်ရေးတွေ လုပ်မှာတို့ကို နအဖက စိုးရိမ်မယ်လို့မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းနဲ့ပြည်ပက နေရာအနေအထားခြင်း လူထုအပေါ်သက်ရောက်မှုခြင်း ကွာတယ်လေ။ သူတို့စိုးရိမ်တာက သူတို့ဆီမှာ အတွင်းကျကျအမှုထမ်း၊ ၀န်ထမ်းတွေအဖြစ် အလုပ်လုပ်ပြီးမှ စိတ်ပြောင်းပြီး ဘက်ပြောင်းသွားမှာကိုဘဲစိုးတာဗျ။ ဥပမာဗျာ သံအမှုထမ်းတို့၊ စစ်ဘက်၊ ရဲဘက်ဆိုင်ရာကလူတွေ။ လတ်တလောဗျာ ရန်ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်တို့လိုပေါ့။ ဒီလိုလူတွေကျတော့ နယ်စပ်ကနေထွက်သွားပြီး ပြည်ပမှာနိုင်ငံရေးခိုလှုံခွင့်တွေလျှောက်ပြီး အတွင်းရေးတွေဖေါ်မှာစိုးလို့ ဖမ်းဆီးမိန့်ကိုတောင့်လျော့ပေါ့ထားတာကိုဘဲ ကြည့်ပေါ့..."ဟု ၎င်း၏ထင်မြင်ချက်ကိုပြောပြသည်။

ထွက်ခွာခွင့်တားဆီးခံခဲ့ရသည့်အတွက် ဇန္န၀ါရီ(၂၄)ရက်နေ့တွင် တိုကျိုမြို့၌ ဖျော်ဖြေမည့်ပွဲမှာ ဖျက်သိမ်းလိုက်ရပြီး နောက်ရက်အနည်းငယ်တွင် ပြန်လည်ဖျော်ဖြေတင်ဆက်နိုင် အောင်ကြိုးစားပါမည်ဟု ပွဲစီစဉ်သူဂျပန်လူမျိုး မစ္စတာခိမိဟိကိုနှင့်ပူးတွဲစီစဉ်သူ မြန်မာလူမျိုးတဦးတို့က ဂျပန်မြန်မာနှစ်ဘာသာဖြင့် ကြေငြာချက်ထုတ်ပြန်၍ ပရိတ်သတ်ကိုတောင်းပန်ခဲ့ပြီး ယခုထပ်မံတင်ဆက်မည့်ဖျော်ဖြေမှုအတွက် ပရိတ်သတ်ကိုနှစ်သိမ့်သည့်သဘောဖြင့် တိုကျိုမြို့တွင် နှစ်ချီနှစ်မောင်း နှစ်ပွဲတိတိ ကျင်းပဖျော်ဖြေမည်ဟုဆိုသည်။
"ကိုမေတ္တာတို့က လာမဲ့ဖေဖေါ်ဝါရီ ၄ ရက် ရန်ကုန်ကနေထွက်ပြီး၊ ၅ ရက်နေ့ရောက်မယ်။ ပထမပွဲကိုလူငယ်တွေအကြိုက် ညလုံးပေါက်ပေါ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိကို တိုကျိုမြို့လယ်ခေါင်က ရှင်ဂျုကု၊ ခါဘုကိချောထဲက Pink Big Pig ဇတ်ရုံမှာ ဖေဖေါ်ဝါရီ ၆ ရက်စနေနေ့ညကနေစပြီး တနင်္ဂနွေနေ့ မနက်မှာပြီးမယ်။ ဒုတိယပွဲကို နာဂါနိုဘူတာနားက Zero Hall ခန်းမမှာ ဖေဖေါ်ဝါရီ(၁၁)ရက်၊ ဂျပန်ရုံးပိတ်ရက်(အနီရက်) ည ၇ နာရီကနေ ၁၀ နာရီအထိကကြမယ်။ ဒါကတော့လူကြီးတွေရော လူငယ်ပါအဆင်ပြေအောင်ပေါ့"ဟု မိုးသောက်ကြယ်သို့ ရှင်းပြသည်။

ယခင်က အငြိမ့်ဖျော်ဖြေပွဲနှင့်အတူ လူရွင်တော်လေးဦးနှင့် ဂျပန်အနုပညာရှင်များပါဝင်သော ဂျပန်မြန်မာချစ်ကြည်ရေး ဒီဗီဒီဇတ်ကားတခုကို ရိုက်ကူးရန် စီစဉ်ထားသော်လည်း ရိုက်ကူးဖြစ်၊ မဖြစ်အခြေအနေကိုမှု ထုတ်ပြန်ပြောဆိုခြင်းမရှိကြောင်း သတင်းရရှိသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .