ကလေးမြို့ ဒေသခံ အာဏာပိုင်အချို့ရဲ့ လယ်သမားများအပေါ် မတရားအနိုင်ကျင့်မှု

Anonymous | 1:16 AM |

အကြောင်းအရာကတော့ ဒေသခံ အာဏာပိုင်အချို့ရဲ့ တောင်သူ လယ်သမားများထံကနေ လိမ်လည်ပြီးမိုးစပါး ကြိုတင်ဝယ်ယူခြင်းကိစ္စ ဖြစ်ပါတယ်။ ဖြစ်တဲ့ဒေသကတော့ စစ်ကိုင်တိုင်း ၊ကလေးမြို့နယ်၊ ခုံသာအုပ်စု ရွာဇဂြိုလ်အုပ်စု တို့မှာဖြစ်ပါတယ်။

ဖြစ်စဉ်ကဒီလိုပါ၊ ၂၀၀၆ ခုနှစ် ဇူလလိုင်းလတုန်းက အရှေ့ခုံသာရွာ ဥက္ကဋ္ဌ ဦးသိန်းထွန်း နှင့် စာရေးမ ဒေါ်နုရီ နှစ်ဦးတို့မှ န အ ဖ စစ်တပ် စပါးရိက္ခာ ဆိုပြီး အကြောင်းပြကာ (၁)ဧကလျှင် စပါး (၅) တင်းနှုန်း၊ စပါးတစ်တင်းလျှင် ၁၃၀၀ ကျပ် နှုန်းဖြင့် ကြိုတင်ငွေများ ထုတ်ချေးပေးခဲ့ပါတယ်။ အဲဒီအချိန်က စပါး ကာလပေါက်ဈေးမှာ တစ်တင်းကို ၁၈၀၀ ကျပ် ဖြစ်နေပေမယ့်လည်း စပါးမရောင်းပါက လယ်ယာမြေ သိမ်းမယ်ဆိုပြီး ခြိမ်းခြောက် အကြပ်ကိုင်ခဲ့တာကြောင့် တောင်သူလယ်သမားများအနေနဲ့ သူတို့ပေးတဲ့ ဈေးနဲ့ပဲ ကြိုတင်ငွေများကို ထုတ်ယူခဲ့ကြရပါတယ်။

၂၀၀၇ ခုနှစ် ဆောင်းရာသီ စပါးပေါ်ချိန်မှာ န အ ဖ စစ်တပ်စပါးရိက္ခာဆိုပြီး ဒုတိယအကြိမ်အဖြစ် ထပ်မံပြီး ၀ယ်ယူကောက်ခံလာခဲ့ပြန်ပါတယ်။ ယခုတစ်ကြိမ်မှာတော့ တောင်သူလယ်သမားများဟာ မခံမရပ်နိုင် ဖြစ်လာကြပြီး မိုးရာသီတုန်းကလည်း တစ်ခါကောက်ခံခဲ့တယ်၊ အခုလည်း တစ်ခါလာပြန်ပြီ အဲဒါဘာအတွက်လည်း ဆိုပြီး ပြောဆိုလာကြပါတော့တယ်။ အဲဒီအချိန်မှာ န အ ဖ တပ်သားတစ်ဦးက သူတို့အနေနဲ့ မိုးရာသီတုန်းက မည်သည့်တပ်စပါးမှ မ၀ယ်ခဲ့ကြောင်း ရှင်းပြတဲ့အတွက် ပထမတစ်ကြိမ် န အ ဖ တပ်စပါးရိက္ခာ ဆိုပြီး ကြိုတင်ငွေ ချပေးခဲ့တာဟာ ရပ်ရွာဥက္ကဋ္ဌ ဦးသိန်းထွန်းနဲ့ စာရေးမ ဒေါ်နုရီ တို့ရဲ့ လိမ်လည်မှုဆိုတာ ပေါ်လွင်ထင်ရှားလာခဲ့ပါတော့တယ်။

အလိမ်ပေါ်သွားကြတဲ့ ၄င်းတို့နှစ်ဦးဟာ ၂၀၀၆ ခုနှစ်တုန်းက သူတို့ ကြိုတင် ချပေးထားခဲ့တဲ့ ကြိုတင်ငွေများကို ပြန်လည် တောင်းခံခဲ့ချင်းမရှိပဲ နေခဲ့ကြပါသေးတယ်။ သို့သော်လည်း ယခုနှစ် ၂၀၁၀ ဆောင်းရာသီ စပါးပေါ်လာချိန်မှာတော့ တောင်သူ လယ်သမားများအားလုံးထံကနေ ကလေးမြို့နယ် တရားရုံးမှတဆင့် ၂၀၀၆ ခုနှစ်က ထုတ်ချေးပေးခဲ့တဲ့ စပါးကြိုတင်ငွေအတွက် တစ်ဧကလျှင် စပါး(၅)တင်းနှုန်းဖြင့် တောင်းခံလာပါတော့တယ်။ တရားရုံးကို ခေါ်တဲ့အခါမှာလည်း ကျေးရွာသူ ကျေးရွာသားများကို တစ်ပြိုင်တည်း ခေါ်ယူတာမျိုးမဟုတ်ပဲ ၃ ယောက်မှ ၁၀ ယောက်အထိ အုပ်စုခွဲခေါ်ပြီး တရားရုံးအမိန့်နဲ့ တောင်းဆိုနေတာဖြစ်ပါတယ်။

ကျွန်တော်တို့ တောင်းသူလယ်သမားများမှာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်ပြီး ဗဟုသုတ မရှိတာရယ်နဲ့ သူတစ်ပါးရဲ့ လိမ်ညာမှုတွေကိုလည်း ခံခဲ့ကြရတဲ့အပြင် တန်ပြန် တရားစွဲလည်း ခံနေကြရတာတွေရဲ့ အပေါ်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ များစွာမှ အခက်အခဲတွေနဲ့ ရင်ဆိုင် နေကြပါတယ်။ အထက်ပါ အကြောင်းအရာကိစ္စတွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှ လူကြီးမင်းများ သိရှိစေရန် တင်ပြလိုက်ရပါတယ်ခင်ဗျာ။

(လယ်သမားများ၏ကိုယ်စား အမည်မဖေါ်လိုသူ အနောက်ခုံသာရွာ မှ လယ်သမား တစ်ဦး )
ပြန်လည်မျှဝေပေးသော wanna23 အား ကျေးဇူးတင်ရှိပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .