ကျနော်တို့ရဲ့ အိမ်ပြန်ချိန်

Anonymous | 12:01 AM |


ဟိုရှေ့က ကလေးတစ်ယောက် အနာဂါတ်တွေကျပျောက်
မျက်ရည် တစ်ပေါက် နှစ်ပေါက် ကျရင်း
သူဆိုတဲ့ ညည်းချင်းက အဖေနဲ့အမေက သူခေါ်လို့ရှိရင်
ကြားနိုင်ပေမယ့် ခေါ်ခွင့်မရှိတဲ့ နေရာမှာတဲ့
သူလျှောက်သွားနေတဲ့ လမ်းကျဉ်းလေးက
အန္တရာယ်တွေရှိရာ သူ့ကိုခေါ်ဆောင်သွားလေရဲ့။

ဘုရားတောင်ခြေရင်းမှာ အဖွားအိုတစ်ယောက်
တောင်ဝှေးထောက်သံ တဒေါက်တဒေါက်နဲ့
အတိတ်ကို နောက်ပြန်ရစ် ကြည့်ရင်း
သူချစ်တဲ့ သားသမီးတွေမှာ ဒုက္ခတွေ တထမ်းတပိုးနဲ့
ကျိုးပဲ့နေတဲ့ မြို့ပြလူနေမှုကြောင့်
သာဓုခေါ်သံတွေ အကြိမ်ကြိမ်ထိမှန်ခံထားရတဲ့
ပိန်ချိုင့်ချိုင့် ခွက်လေးတစ်လုံးကို ကိုင်စွဲရင်း
တဒင်္ဂ ငြိမ်းအေးခြင်းကို သူရှာဖွေနေလေရဲ့။

အဝေးမှာ ဟိုး....အဝေးကြီးမှာ ဒဏ်ရာတွေနဲ့ လူတချို့
လွတ်မြောက်မှု ဧရိယာ ကိုယ့်ဖာသာ ဖန်ဆင်း
အံကြိတ်ခြင်း တောက်ခေါက်ခြင်း ခါးထောက်ခြင်းတွေနဲ့
ထွီကနဲ တံတွေးတပျစ် စစ်အာဏာကိုရင်ဆိုင်
တနေ့နိုင်ရမယ်လို့ အိမ်မက်ကိုစားသုံးရင်း သူတို့ကြီးပြင်းကြလေရဲ့။

နေခြည်ဖြိုးတောက် လူသူမရောက်တဲ့
မိုးမခ တောတွေမှာ ဟမ်ဘာဂါအစား မျှစ်တူးစားလို့
ကိုကာကိုလာမလို ကက်ပ်ချိနီု မသောက်
ငှက်ပျောအူဖေါက် သူတို့သောက်လို့
ဖေါင်တိန်မကိုင် သေနတ်ကိုင်လို့
နုပျိုစိမ်းလန်း အနာဂါတ်ပန်းတွေ
အိမ်ပြန်မဲ့ရက် လက်ချိုးရေရင်း....တော်လှန်ရေးသီချင်းဆိုကြလေရဲ့။

နောက်တနေရာကတော့
လသာတဲ့ညတွေကို မော်ကြည့်လို့မရတဲ့
နံရံလေးဖက် ကြားမှာပေါ့
ခံယူချက်ရဲ့ အကျည်းသားတွေဟာ
အခဲမကျေ အငြိုးတွေကိုစားသုံးရင်း
ယုံကြည်ခြင်း နှလုံးသားတွေခမျာ
တဖြည်းဖြည်း မာကျောလာလေရဲ့။

အချိန်ရှိသရွေ့ လွမ်းနေရတဲ့ နေရာအသီးသီးမှာ
ငါတို့ ပြည်ထောင်စုသားတွေ ရှိနေတယ်
ငါတို့ကိုယ် ငါတို့တည်ဆောက်ရင်း
တချို့ ပြိုလဲကျတယ်
ယုံကြည်ချက်တွေ ဖျားနာကုန်တယ်
တချို့ကျတော့ သန်မာနေစဲ
အံတွေခဲလို့ လှေခွက်ချည်းကျန် အလံမလဲဘူး
အော်....အိမ်ပြန်ချိန်တွေ နီးဖို့ကြိုးစားရင်း
အိမ်နဲ့ ဝေးဝေးသွားတဲ့ ငရဲက ဘယ်တော့များမှ.......လွတ်မြောက်မလဲ။

မင်းရန်နိုင် http://minyannaing-myanmar.blogspot.com/

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .