ကလေးစစ်သားစုဆောင်းမှုနှင့် ပတ်သက်၍ ILO တိုင်ကြား

Anonymous | 11:59 PM |

ကာတွန်း-ဟန်လေး
ရိုးမ-၃ (သတင်း- လွန်းဒင်) | ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် အသက်မပြည့်သေးသည့် ကလေးငယ်တဦးအား စစ်သားအဖြစ် စုဆောင်း ခံရခြင်းကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ တိုင်ကြားရန် ပြင်ဆင်နေသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် စစ်သားအဖြစ် စုဆောင်းခံရသည့် အသက် (၁၅)နှစ်အရွယ် မောင်အောင်ကိုဇင်၏ မိဘများက ပြန်လည်တိုင်ကြားဖို့ ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) အား ဒီကနေ့ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

ဘိုကလေးမြိုသစ်ရပ် (၂၅) လမ်းတွင် နေထိုင်သည့် အဖ ဦးခင်အေး အမိ ဒေါ်ရွှေစင်သိန်းတို့၏သား မောင်အောင်ကိုဇင်ကို ဘိုကလေးမြို့၊ မြို့သစ် ကွပ်ကဲရေးရုံးမှာ တာဝန်ကျနေသည့် မော်ကျွန်း အမှတ် (၅၃၄) ခြေလျှင်တပ်ရင်းမှ ဒုတပ်ကြပ် ထွန်းထွန်းဦးက မော်ကျွန်းတပ်ကို ခေါ်ဆောင်သွားပြီး ပုသိမ်မြို့ စစ်သားစုဆောင်းရေးတပ်ကို ပို့ခဲ့ခြင်းဖြစ်သည်။

မိခင်ဖြစ်သူက “ကျမတို့ မြို့သစ်ရုံးမှာ တာဝန်ကျတဲ့ တပ်ကြပ် ထွန်းထွန်းဦးက မော်ကျွန်းကို ခေါ်သွားတယ်၊ ၁၀ လပိုင်း၊ ၁၈ ရက်နေ့က၊ သူက မော်ကျွန်း (၅၃၄) ကလို့ ပြောတယ်၊ ကျမတို့ ဘိုကလေးမြို့ မြို့သစ်ရုံးမှာ တာဝန်ကျတယ်၊ သူကိုယ်တိုင်က ပြောတယ်၊ ကျမသားကို ဘယ်မှာထားခဲ့လဲလို့ မေးတယ်။ မော်ကျွန်းတပ်က နေပြီးတော့ ပုသိမ်ကို သင်တန်းတက်ဖို့ ပို့လိုက်ပြီတဲ့။” ဟုပြောသည်။

သားဖြစ်သူ မောင်အောင်ဇင်ကိုကို ပြန်ခေါ်ချင်ပြီး စစ်သားအဖြစ်စုဆောင်းခံရသည့် သူမသားမှာ အသက်ငယ်ရွယ်လွန်ကြောင်း ၎င်း၏ မိခင်က ပြောသည်။

“ကျမသားက အသက်မပြည့်သေးဘူး ၁၄ နှစ်ကျော်ကျော်ပဲ ရှိသေးတယ်၊ ကျမသားကို ပြန်လိုချင်တယ်၊ ကျမ ပြန်ခေါ်ချင်တယ်”ဟု ပြောသည်။

အလားတူ မကြာခင် ရက်ပိုင်းတွင်ကလည်း ပဲခူးမြို့ပေါ် အထက (၃) တွင် ဒဿမတန်းကျောင်းသား မောင်ဝေဦးချိုသည် ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ရသည်။

ဘိုကလေးမြို့ပေါ်တွင် ကလေးစစ်သားအဖြစ် စုဆောင်းခံရခြင်းနှင့်ပတ်သက်သည့် တိုင်ကြားလာသည့် အမှု ၂၀၁၀ ခုနှစ်အတွင်း အခုမောင်အောင်ကိုဇင်သည် (၃) ဦးမြောက်ဖြစ်ကြောင်း HRDP ကပြောသည်။

ကလေးစစ်သားစုဆောင်းမှုနှင့်ပတ်သက်၍ ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က ၂၀၀၉ ခုနှစ်တွင် ကလေး ၁၂၁ ယောက်၏ အမှုကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ တိုင်ကြားပြီး ကူညီဆောင်ရွက်ပေးခဲ့သည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .