NLD က စစ်အစိုးရကို တရားစွဲပြီ

Anonymous | 6:56 PM |

ကျော်ခ | ချင်းမိုင် (မဇ္ဈိမ)။ ။ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခဲ့သဖြင့် စစ်အစိုးရအား အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ယနေ့ တရားစွဲဆိုမှု စတင်လိုက်သည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဥာဏ်ဝင်း (NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်)၊နှင့် ဦးကြည်ဝင်းတို့သည် အမှုဖွင့်ရန်အတွက် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ ယနေ့ နံနက်တွင် သွားရောက်နေကြောင်း သိရသည်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခုပြဋ္ဌာန်းလိုက်သော ရွေးကောက်ပွဲဥပဒေ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အဲဒီ ဥပဒေတွေ ဖော်ပြထားတဲ့ အချက်တွေဟာ မျှတမှုမရှိတဲ့အတွက်ကြောင့်၊ ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အတွက်ကြောင့် သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ၄၅ နဲ့ ဗဟို တရားရုံးမှာ ဦးတိုက်လျှောက်မှာပေါ့ဗျာ” ဟု NLD ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ယမန်နေ့တွင် NLD ရန်ကုန်ရုံးချုပ်တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင် CEC အစည်းအဝေးမှ စစ်အစိုးရကို တရားစွဲရန် ကန့်ကွက်သူမရှိ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက ယခုလ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သော “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ” တွင် ထောင်ဒဏ် ချမှတ်ခံထားရသူများကို ပါတီမှ ထုတ်ပယ် (သို့မဟုတ်) လက်မခံဘဲ နေရမည်ဟု ဖော်ပြထားသည်။

“လူတဦးချင်းကို ရည်ရွယ်တယ်၊ သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ရည်ရွယ်တယ်ပေါ့ဗျာ။ ဒါကို တိုင်းသူပြည်သားတွေ၊ ပြည်သူတရပ်လုံးက ညီညီညွတ်ညွတ် ရင်ဆိုင်ပါ ဆိုပြီးတော့ တိုက်တွန်းထားတာ ရှိတယ်။ အဲဒါကို လူ့အခွင့်အရေး အခြေခံနဲ့ တရားစွဲမယ်ပေါ့ဗျာ” ဟု NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း မဇ္ဈိမကို ပြောသည်။

“ဒေါ်စုက ဒီဥပဒေ တွေဟာ မတရားဘူးပေါ့ဗျာ။ ထောင်ကျနေတဲ့ပုဂ္ဂိုလ်က ပါတီမှာ မဆောင်ရွက်ရဘူးတို့၊ ပါတီက ထုတ်ပစ်ရမယ်ဆိုတာမျိုးကျတော့ သူ့ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးတယ်။ အဲဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု အခြေခံနဲ့ ဒီရွေးကောက်ပွဲ ဥပဒေတွေကို တရားစွဲတာပဲ” ဟု သူက ဆက်ပြောသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

source by : မဇ္ဈိမ

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .