ဗုံးဖောက်ခွဲမှုအပေါ် စပ်မိစပ်ရာ အတွေးများ၊ ဆွေးနွေးချက်များ

Anonymous | 1:43 AM |

Saffron Mail Letter Group | ကျွန်တော်တို့ အခုရေးတဲ့ အကြောင်းလေးကို Subject မှာ ရေးထားတဲ့ အတိုင်း စပ်မိစပ်ရာ ဆွေးနွေးချက် လို့ပဲ နားလည်ပေးပါ။ အားလုံးရင်ထဲမှာ ခံစားချက်ကိုယ်စီနဲ့ ရေးနေကြတာကို နားလည်ပါတယ်။ အချို့အချက်အလက်တွေ ကျွန်တော်တို့ တင်ပြချင်ပါတယ်။

၁။ အင်းယားလမ်းထဲမှာ မဏ္ဍပ်မဆောက်ရ သင်္ကြန်မှာ ဘယ်လိုမဝတ်ရ ဆိုပြီးထုတ်ပြန်ချက်တွေနဲ့ အခု သင်္ကြန်ဟာ မစခင်ကတည်းက လူစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

၂။ တကယ်တော့ အဲ့ဒီ ဗုံးကွဲတဲ့ မဏ္ဍပ်ဟာ အင်းယားလမ်းမှာ ရှိရမှာ ဖြစ်ပေမယ့် အခု ကန်တော်ကြီး ပါတ်လမ်းမှာ ရှိနေပါရပါတယ်။ မိတ်ဆွေများသိတဲ့အတိုင်း အင်းယားလမ်းမှာဆို ဒီထက်မက အုတ်သြော် သောင်းနင်း ဖြစ်ပြီး အသေအပျောက် ပိုများပါလိမ့်မယ်။ လမ်းကျဉ်းလေးထဲမှာ လူတွေပိတ်နေတာနဲ့ပဲ တယောက်ကို တယောက် တက်နင်းပြီး ထပ်ထိခိုက်မှာတွေ တွေးလို့ တောင်မရပါဘူး။

၃။ သင်္ကြန်မှာ ဗုံးကွဲပါတယ်။ ဖြစ်စဉ်ဟာ ဟိုတုန်းက ဂျန်းရှင်း 8 နဲ့ နောက်နှစ်နေရာမှာ ကွဲတဲ့ပုံနဲ့ တော်တော်ပဲ တူညီပါတယ်။ အဲဒီ အမှုကို ဟိုလူဒီလူကို အပြစ်အင်မတန်ရှာတတ် ဆိုင်းဘုတ်ကပ်တတ်တဲ့ နအဖများ နှာစေးနေပါတယ်။ အခုထိ တရားခံ မပေါ်ပါဘူး။ နောက် အတိုက်အခံတွေဘက်ကလဲ ဝန်ခံခဲ့တာ တခုမှ မရှိပါဘူး။

၎။ တုန့်ပြန်မှုဟာ သိပ်မြန်ပါတယ်။ ရဲတွေအချိန်နဲ့ တပြေးညီရောက်လာတော့ လူတွေ လက်ခုပ် တီးကြတာကို ညီလင်းဆက်ဘလော့မှာ ဖေါ်ပြထားပါတယ်။ ကျွန်တော်တို့တွေ အဲဒီအကြောင်း ဆွေးနွေးကြတော့ အနားက ကလေးတယောက်က ဝင်ပြီးပြောတာလေး တခုဖေါက်သည် ချချင်ပါတယ်။ ”ဦးတို့ကလဲ ခလုတ်နှိပ်ပြီးတာနဲ့ ကားတွေကိုလွှတ်လိုက်ရင် အဲလိုရောက်တာပဲ”တဲ့။ ကလေးစကားပါ။ ကျွန်တော် အကိုးအကားမလုပ်ချင်ပေမယ့် သိစေချင်လို့ ရှယ်ယာလုပ်တာပါ။

၅။ ဖြစ်စဉ်အားလုံးကို အချိန်နဲ့ တပြေးညီမှတ်တမ်း တင်ထားပါတယ်။ ဒါကြောင့်ချက်ခြင်းပဲ သတင်း ထုတ်ပြန်မှုတွေ လုပ်ပါတယ်။ ညခုနှစ်နာရီခွဲ သတင်းတင်ဆက်ချက်မှာ လူ ၇၅ယောက်ဒဏ်ရာရရာ ကနေ နောက်တနေ့ သတင်းမှာ ၁၇၀ဘယ်လိုဖြစ်ရတာပါလဲ။ ပေါက်တာက နေ့ခင်းကတည်းကပါ။ သင်္ကြန်မှာ ထိခိုက်လို့ ဆေးရုံရောက်သမျှကို စာရင်းထည့်ပေါင်းရင်တော့ မသိပါ။ ပိုဇာတ်နာအောင်လုပ်တယ် ဆိုရင်တော့ သတင်းတန်ဘိုးက သုံးမရအောင် ကျသွားပါတယ်။

၆။ သူတို့က အခုတခါ ထူးထူးခြားခြား ဘယ်သူလုပ်တယ်လို့ မစွတ်စွဲပဲ အဖျက်အမှောင့် သမားများလို့ပဲ နာမည်တပ်ပါတယ်။ ဒါပေမယ့် ဧရာဝတီ ကိုအောင်ဇော်လို့ ထင်မြင်ရအောင် အကောင့် လုပ်ထားတဲ့ လူတယောက်က NCUM ဆိုပြီး တိတိကျကျစွပ်စွဲပါတယ်။ အဲဒီကယက်ကိုလဲ ဒီမေးဂရုပ်ထဲကလူတွေ အားလုံး ဖတ်သိပြီးဖြစ်လို့ အကျယ်မပြောလိုပါ။(ဒါပေမယ့် ဧရာဝတီ ကိုအောင်ဇော်မဟုတ်ရင် တိတိကျကျ သတင်းထုတ်ပြန်သင့်တယ်လို့ ထင်ပါတယ်။) ကျွန်တော်လဲ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။

၇။ နောက်တခါ နှစ်ရက်ပဲကွာတဲ့ ဒီနေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားက မြစ်ဆုံရေကာတာမှာ ဗုံးတွေ ဆက်တိုက်ကွဲပါတယ်။ ဒီတခါကျ သူတို့က ရေငုံနှုတ်ပိတ်နေပါတယ်။ နည်းပညာ တူပါတယ်။ ပိုတောင် အဆင့်နဲနဲ မြင့်ပါသေးတယ်။ တခုပဲ စဉ်းစားစရာက ဒီဖေါက်ခွဲရေး မာစတာကြိးက ရန်ကုန်မှာဖေါက်၊ နောက် မြစ်ကြီးနားကို နှစ်ရက်အတွင်း ချက်ချင်းသွား ဗုံးတွေအများကြီးကို ပဒေသာပင်လိုထောင် တလုံးပြီးတလုံး အားရပါးရခွဲ ၊ ဂျီမ်းစဘွန်းကား ကြည့်နေရသလိုပါပဲ။

၈။ ရေရာသေချာတာ တခုကို ကျွန်တော် ပြောနိုင်တာက အံသြစရာကြီးပဲလို့ပါပဲ။ နောက်ထပ်ပြောနိုင်တာ တခုက သူတို့ အနေနဲ့ ပြည်တွင်းနိုင်ငံရေး အတိုက်အခံတွေကို ကြိုက်သလို တံဆိပ်တပ်ပြီး ဖမ်းခွင့်လိုင်စင်ကို ယူသွားပါပြီ။

၉။ မိတ်ဆွေများ ခင်ဗျား ဒီလိုဖြစ်ရတဲ့ အပေါ်ကျွန်တော်တို့လဲ စိတ်ထိခိုက်ရပါတယ်။ ဒါပေမယ့် စိတ်ခံစားမှုကို ခဏထိမ်းပြီး ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်တွေကို သေချာစွာလေ့လာစေချင်ပါတယ်။

၁၀။ ၁၉၈၈ ခုနှစ်ကတည်းက ကျွန်တော်တို့ ကြုံခဲ့ဘူးတဲ့ အတွေ့အကြုံတွေအရ မကြာခင်မှာ သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး လူဖမ်းပွဲကြီး စပါတော့မယ်ခင်ဗျား။( အခုရေးလိုက်လို့ သူတို့ မလုပ်ဖြစ်ရင်လဲ ဝမ်းနည်းမှာ မဟုတ်ပဲ အပြစ်မရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အဖမ်းမခံရတဲ့ အတွက် ဝမ်းသာကြေနပ်နေမှာပါ။)

၁၁။နောက်ဆုံးတချက်ပြောချင်တာက ဘယ်သူတွေက လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဂရုမစိုက်တဲ့လူတွေလဲဆိုတာ အလေးအနက် စဉ်းစားကြပါ ခင်ဗျား။

လေးစားလျှက်
Saffron Mail Letter Group

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .