နအဖ၏ ရာဇ၀တ်မှုများကို တရားစွဲဆိုနိုင်ရေး ဂျပန်ရှိဒီမိုကရေစီသမားများ ပြင်ဆင်

Anonymous | 4:30 AM |

တိုကျို၊ ဧပြီ(၁၈)
သတင်း-သန့်မျိုးထွေး |
နအဖစစ်အစိုးရမှ အပြစ်မဲ့ပြည်သူများနှင့် တိုင်းရင်းသား အမျိုးသမီးငယ်များအပေါ် မတရားကျူးလွန်ထားသည့် ပြစ်မှုများ (Criminal Case)များကို ဖော်ထုတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံတွင်ပြည်သူ့တရားရုံးဖွဲ့စည်း၍ ရုံတင်စစ်ဆေး တရားစွဲဆိုနိုင်ရန် ပြင်ဆင်ကြိုးစားနေကြောင်းသိရသည်။

ဂျပန်ရှိ မြန်မာအမျိုးသမီးသမဂ္ဂ၏ဥက္ကဋ္ဌ ဒေါ်ချိုချိုအေးမှ ဦးဆောင်၍ နအဖစစ်အစိုးရ၏ အမျိုးသမီးများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် ပတ်သတ်၍ ဂျပန်နိုင်ငံတွင် ပြည်သူ့တရားရုံးကျင်းပရေးကော်မတီဟု အမည်ပေးထားသည့် အလုပ်ကော်မတီတခုကိုတိုကျိုမြို့ အိုးစုခအရပ်ရှိ မိနားမိအိုးစုခခန်းမ၌ ပြုလုပ်သော အစည်းအဝေးတွင် ဂျပန်ရှိ ဒီမိုကရေစီလှုပ်ရှားသူများနှင့်စုပေါင်း ဖွဲ့စည်းလိုက်ပြီး လာမည့်ဇွန်လတွင် တရားခွင်ပြုလုပ်၍ ကြားနာစစ်ဆေးကြမည်ဟုဆိုသည်။

ဥက္ကဋ္ဌဒေါ်ချိုချိုအေးက"ဒါမျိုးလုပ်လိုက်လို့ စစ်အစိုးရက ချက်ခြင်ကြီးပြုတ်ကျသွားမယ်လို့ မဆိုလိုဘူး။ နအဖပြုတ်ကျသွားနိုင်လောက်အထိလဲ ဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး၊ ဘာတွေအကျိုးကျေးဇူးရှိမလဲဆိုတော့ ကျမတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေက ပါးစပ်နဲ့ဘဲပြောလို့ရတယ်၊ နအဖမကောင်းကြောင်းကို တကမ္ဘာလုံးကသိတယ်၊ သိပေမဲ့ ဒီလိုအထောက်အထား အချက်အလက်နဲ့မပြောနိုင်တဲ့အခါမှာ ပြောရင်းပြောရင်းနဲ့လေထဲမှာဘဲ ပျောက်သွားတယ်၊ ဒီတော့ ဒီလိုအထောက်အထားနဲ့ ပြောနိုင်မယ်ဆိုရင် ဒီမှတ်တမ်းမှတ်ရာတွေဟာ သမိုင်းဝင်အဖြစ်လဲကျန်ခဲ့မယ်၊ ဒီကနေချက်ခြင်းအကျိုးသက်ရောက်မှုမရှိတောင် သမိုင်းမှာဒါတွေဟာ ဖျောက်ဖျက်လို့မရနိုင်ဘူး"ဟု အကျိုးသက်ရောက်မှုရှိ နိုင်ပုံနှင့်ရည်ရွယ်ချက်ကို ရှင်းပြသွားသည်။

ယနေ့တွင်ကော်မတီဖွဲ့စည်း လိုက်ကြခြင်းသာဖြစ်ပြီး အခြေအနေအရ တရားခွင်၏ ဂျူရီလူကြီးများ၊ တရားသူကြီးများအဖြစ် စစ်မေးမည့်ပုဂ္ဂိုလ်များကို အကြမ်းဖြင်းအားဖြင့် လျာထားခြင်းသာဖြစ်သည့်အတွက် တရားဝင်မထုတ်ပြန်နိုင်သေးကြောင်းနှင့် တရားခွင်တွင် စစ်မေးခံမည့်သူများမှာ နအဖစစ်အစိုးရက အမှန်တကယ်ညှင်းပန်း နှိပ်စက်မတရားပြုကျင့်ခြင်းကို ခံထားရပြီး ထိုင်း-မြန်မာနယ်စပ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသမီးငယ်များဖြစ်ကြောင်းသိရသည်။


ဆက်လက်ပြီး ဒေါ်ချိုချိုအေးက "ကျမတို့တိုင်းပြည်ထဲမှာ တရားဥပဒေမစိုးမိုးလို့ အခြားနိုင်ငံကိုထွက်ပြီးတော့ တရားရုံးတောင်လုပ်ယူရတယ်ဆိုတာ သမိုင်းမှာကျန်ခဲ့တာဘဲ၊ နောက်တချက်ကလဲ ကျမတို့လူ့အခွင့်အရေးချိုးဖောက်ခံရတာကိုလဲ ဘယ်သူ့ပြောရမှန်းမသိ၊ ဘယ်သူမှလည်း အကာအကွယ်မပေးနိုင်တဲ့ဘ၀မှာ ဒီတရားစီရင်မှုကို ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ လူတွေကို အထောက်အထား အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ကျမတို့မှာအကာကွယ်မဲ့နေပါတယ်၊ ဥပဒေအရကာကွယ် စောင့်ရှောင့်မှုပေးနိုင်ခြင်း မရှိပါဘူးဆိုတာကို လက်တွေ့ပြနိုင်တဲ့ဟာက ပါစပ်နဲ့ပြောတာနဲ့မတူပါဘူး"ဟုရှင်းပြသည်။

ဖွဲ့စည်းလိုက်သော ကော်မတီတွင် အမှုဆောင် (၁၈)ဦးပါရှိပြီး ဆက်လက်၍ပါဝင်လိုသူများကို ဖိတ်ခေါ်ထားပြီး တရားခွင်ကျင်းပမှုကုန်ကျစားရိတ်များအတွက် နိုင်ငံတကာရှိ မည်သည့်အဖွဲ့အစည်း၏ အကူအညီမျှမယူဘဲ ဂျပန်ရှိဒီမိုကရေစီအဖွဲ့အစည်းများစုပေါင်း၍ စားရိတ်စိုက်ထုတ်အကုန်အကျခံကာ တရားရုံး၏ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကုလသမဂ္ဂနှင့် ဂျပန်အစိုးရအပါအ၀င် နိုင်ငံတကာသို့ ဖြန့်ဝေသွားမည်ကြောင်း သိရသည်။

နအဖစစ်အစိုးရက ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို ကော်မရှင်တရပ်ဖွဲ့စည်း၍ စုံးစမ်းစစ်ဆေးရန် အီးယူအဖွဲ့ဝင် ဗြိတိန်နှင့်ချက်နိုင်ငံတို့က စတင်တောင်းဆိုပြီးနောက် အခြားအဖွဲ့ဝင်နိုင်ငံများအားလည်း ထောက်ခံကြရန် ဘားမားကမ်ပိန်(ယူကေ)က တိုက်တွန်းခဲ့ကာ အမေရိကန်နိုင်ငံတွင် နိုဘယ်လ်ဆုရှင်များက ဦးဆောင်၍ ကြားနာစစ်ဆေးမှုတခုကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ပြုလုပ်နိုင်ခဲ့ပြီး ဂျပန်တွင်လည်း အလားတူစုံစမ်းစစ်ဆေးနိုင်ရန်ကြိုးပမ်းကြခြင်းဖြစ်သည်။

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .