ထိုင်းတွင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ ထပ်မံခေါ်ယူမည်

Anonymous | 7:50 AM |


NEJ News | ထိုင်းနိုင်ငံတွင် လုပ်သားပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းခေါ်ယူရန် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု အမှုဆောင်ကော်မတီမှ ပြီးခဲ့သည့် သောကြာနေ့က သဘောတူညီလိုက်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် အတ်ချာကာ စီဘူရူယန်က အမှုဆောင်ဒါရိုက်တာများအဖွဲ့ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း လိုအပ်ချက်များအရ ဒေသတွင်း လိုအပ်နေသော အလုပ်သမားအရေအတွက် (၃) သိန်းမှ (၅) သိန်းကို ဖြည့်ဆည်းရန်အတွက် နိုင်ငံခြားသား အလုပ်သမားများအား ငှားရမ်း အသုံးပြုခွင့် ရရှိရေးကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ယင်းသဘောတူညီမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ပါရှိသည်။

ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ စီမံကိန်းများတွင် ကျွမ်းကျင်သူများနှင့် ထိုင်းလူမျိုးဝန်ထမ်းများကိုသာ ငှားရမ်းအသုံးပြုလေ့ရှိသော်လည်း ယခုအခါတွင် စွမ်းရည်နိမ့်နှင့်စွမ်းရည်မြင့် လုပ်သားပြတ်လပ်မှုကို ကုစားရန်အတွက် နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ယူမည်ဟု သိရသည်။

အဆိုပါခွင့်ပြုချက်အရ နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့်ရသော အကြီးစား စက်မှုလုပ်ငန်းများမှာ လျှပ်စစ်နှင့်လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ကားနှင့်ကားပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ အထည်အလိပ် ချုပ်လုပ်မှုလုပ်ငန်းနှင့် ဖိနပ်ခြေအိတ် ထုတ်လုပ်ရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

လုံလောက်သော လုပ်သားအင်အားမရှိပါက ထိုင်းအစိုးရ၏အရှိန်အဟုန်မြင့် စီမံကိန်းများသည် အခြားတိုင်းပြည်များသို့ ရွှေ့ပြောင်းသွားလိမ့်မည် ဖြစ်သည့်အတွက် ဤအခြေအနေကို ထိန်းသိန်းရန်အတွက် အစိုးရမှ သဘောတူခဲ့ခြင်းဖြစ်သည်ဟု စက်မှုလုပ်ငန်း သတင်းရင်းမြစ်တခုကို ကိုးကားပြီး သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ကိုင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ ခွန်မိုင်က “အခုသူတို့ခေါ်မယ်ဆိုတာက Board of Investment (BoI) က ခေါ်တာလေ။ သူတို့က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေလေ၊ အဲဒီတော့ သူတို့ ဘယ်လိုခေါ်မလဲဆိုတဲ့အပေါ် မူတည်တယ်။ ယာယီပတ်စပို့စ် ကိုင်တဲ့သူလား၊ ပတ်စပို့စ် အကြီးကိုင်တဲ့ အလုပ်သမားလားပေါ့၊ အရင်က နားလည်မှု စာချွန်လွှာတွေကတော့ ယာယီပတ်စပို့စ် လုပ်သားတွေအတွက်ပါ” ဟု ဆိုသည်။

မြန်မာစစ်အစိုးရနှင့် ထိုင်းအစိုးရတို့သည် ၂၀၀၃ ခုနှစ်က ရွှေ့ပြောင်းအလုပ်သမား ငှားယူရေးစာချုပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ်သည်။

ထိုသို့ခေါ်ယူရာတွင် အလုပ်သမားများ ရရှိနိုင်မည့် အခွင့်အရေးနှင့်ပတ်သက်၍ “သူတို့က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေဆိုတော့ နိုင်ငံတကာက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါတယ်။ အလုပ်သမားတွေအတွက် အခွင့်အရေးလည်း အပြည့်အဝရမယ်၊ လုပ်ခလည်း နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်းရမယ်” ဟု ၎င်းက ဆက်ပြောသည်။

စွမ်းရည်နိမ့်လုပ်သားဆိုသည်မှာ 3D ဟုခေါ်သည့် Dirty, Dangerous, Difficult သန့်ရှင်းမှုနည်းခြင်း၊ အန္တရယ်များခြင်း၊ ခက်ခဲပင်ပန်းခြင်း စသည့်အလုပ်မျိုးကို လုပ်ဆောင်သူများဖြစ်ပြီး စွမ်းရည်မြင့်လုပ်သားသည် အဆင့်မြင့် အတတ်ပညာ၊ နည်းပညာများ တတ်ကျွမ်းသူများကို ဆိုလိုသည်။

ထိုင်းနိုင်ငံတွင် လုပ်သားလိုအပ်ချက် မြင့်မားနေပြီး ယခုတရားဝင်တည်ရှိနေသော (၁.၃) သန်းရှိ ရွှေ့ပြောင်းအလုပ်သမားထု၏ အလုပ်အကိုင်နှင့်ပတ်သက်၍ ထိခိုက်စရာ အကြောင်းမရှိသည့်အပြင်၊ ရွှေ့ပြောင်းအလုပ်သမားများသည်လည်း ဤလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ခွင့် ရရှိနိုင်မည်ဖြစ်သည်ဟု သိရသည်။
http://www.khitpyaing.org/index.php?route=detail&id=706

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .