နာဂစ်မုန်တိုင်းနှစ်နှစ်ပြည့် ဘာသာပေါင်းစုံဆုတောင်းပွဲ တိုကျို၌ပြုလုပ်

Anonymous | 1:27 AM |

တိုကျို၊ မေ(၂)
သတင်း-သန့်မျိုးထွေး
၂၀၀၈ခုနှစ် မေလ(၃)ရက်နေ့တွင် ဧရာဝတီနှင့်ရန်ကုန်တိုင်းတို့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းကြောင့် သေဆုံးခဲ့သူများအတွက် အောင့်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံဆုတောင်းပွဲကို ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ-ဂျေအေစီ၏ ဦးဆောင်မှုဖြင့် တိုကျိုမြို့၊ တိုရှိးမားမြို့နယ်ရှိ Komagome Bunka Centreတွင် ယနေ့မနက်(၉)နာရီ၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆုတောင်းပွဲကို ဂျပန်ရောက်မြန်မာလူမျိုး(၅၀)ကျော် တက်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာမှဆုတောင်းမေတ္တာပို့သခြင်းကို တိုကျိုမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာသံဃာရုံးခန်းမှ တာဝန်ခံဆရာတော်အရှင်ဓမ္မဇောတိမှ ပရိတ်တရားနာရွတ်ဖတ်ပူဇော်၍ မုန်တိုင်းကြောင့် ကွယ်လွန်သွားခဲ့သူများကို ဆုတောင်းမေတ္တာအမျှပေးဝေ၍ တက်ရောက်သူများအားတရားနာချီးမြှင့်ခဲ့ပြီး ခရစ်ယာန်ဘာသာမှ ဆုတောင်းခြင်းအစီအစဉ်ကို (OKOJ)မှဆရာစောလှကြည်က ဆောင်ရွက်ပေးခဲ့သည်။

လူသားအားလုံး၏ ငြိမ်းချမ်းရေးရရှိဖို့နှင့် လူသားအချင်းချင်းချစ်ခြင်းမေတ္တာဖြင့် တဦးပေါ်တဦးသဘောထားနိုင်စေရန် မည်သည့်ဘာသာနှင့်ဖြစ်ပါစေ အတူလက်တွဲ၍ လုပ်ဆောင်လိုခြင်းကြောင့် ယခုလိုနာဂစ်အထိမ်းအမှတ် ဆုတောင်းပွဲကို တက်ရောက်ရခြင်းဖြစ်ကြောင်း ဆရာစောလှကြည်မှပြောပြသွားသည်။

“စစ်အစိုးရက သူတို့ရဲ့သြဇာအာဏာတည်တံ့ခိုင်မြဲဖို့နဲ့အချုပ်အခြာအာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ ဘာမဆိုလုပ်ရဲတယ်၊ ဒါ့ကြောင့်နာဂစ်မုန်တိုင်းရဲ့ဘေးဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေ ခက်ခဲမှုဒုက္ခများစွာကို ကြုံတွေ့နေရပေမဲ့ ဒီအရေးကိုအဓိကမထားဘဲ အာဏာတည်မြဲရေးကိုသာ လုပ်ဆောင်နေတာမို့လို့ ပြည်သူတွေကိစ္စကိုအရေးမထားခဲ့တာ” ဟု၎င်းကဆက်လက်ပြောပြသည်။


နာဂစ်တိုက်ခတ်သွားပြီးနောက် (၂)နှစ်ပြည့်မြောက်သွားပြီဖြစ်သော်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ပြန်လည်အခြေချနေထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးအပြင် ရေသန့်ရရှိရေးနဲ့ ကျန်းမာရေးအခြေခံ လိုအပ်ချက်တွေရှိနေဆဲဖြစ်ကြောင်းသိရပြီး ဂျေအေစီမှယန်းတစ်းသန်းကျော်ကို မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပေးပို့လှူဒါန်းခဲ့သလို ဆက်လက်၍လှူဒါန်းရန် ယန်းတစ်သန်းကျော်ကျန်ရှိနေသေးကြောင်း ဂျေအေစီမှတာဝန်ခံတဦးဖြစ်သည့် ကိုစောမျိုးခိုင်ရှင်းက ပြောပြသွားသည်။

အစ္စလမ်ဘာသာမှဆုတောင်းပေးသူ ဦးလှမောင်ကလည်း “ဒီနေ့နာဂစ်အထိမ်းအမှတ်အဖြစ် ဆုတောင်းပေးရတဲ့အခါမှာ ကျနော်အင်မတန်မှကြေကွဲဝမ်းနည်ရပါတယ်။ ဒီလိုကျနော်တို့တိုင်းပြည်မှာ လူတသိန်းခွဲလောက်သေသွားရတယ်ဆိုတာက မင်းကျင့်တရားနဲ့မညီတဲ့မင်းဆိုးမင်းညစ်တွေ ပြည်သူကိုမတရားညှင်းပန်းနှိပ်စက်ရင် သီးနှံတွေမဖြစ်ထွန်းဘူး၊ သားငါးတွေရှားပါးမယ်။ သဘာဝဘေးအန္တရယ်တွေဖြစ်မယ်။ ကျနော်တို့ဘာသာမှာရှိပါတယ်။ ဒီလိုလူတွေများစွာသေခဲ့တာဟာ မင်းဆိုးမင်းညစ်တွေအုပ်ချုပ်နေလို့ဆိုတာ ကျနော်ယုံကြည်ပါတယ်”ဟု နာဂစ်တိုက်ခတ်သွားခြင်းကို ၄င်း၏ဘာသာရေးအမြင်ဖြင့် သုံးသပ်ပြောဆိုသွားသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .