လူမှောင်ခိုတင်ဆောင်လာသည့်ကား တိမ်းမှောက် (၁၃) ဦးသေ၊ (၁၅) ဦး ဒဏ်ရာရ

Anonymous | 2:07 AM |



မြတ်ခိုင်ဦး | ရနောင်းမြို့မှ ဘန်ကောက်သို့ လူမှောင်ခိုကူး တင်ဆောင်လာသော ကားတစီးတိမ်းမှောက်သဖြင့် မြန်မာပြည်သား (၁၃) ဦး သေဆုံးသွားသည်။

ယမန်နေ့ ညနေ (၆) နာရီ အချိန်ခန့်တွင် မြန်မာပြည်သားများအား တင်ဆောင်လာသော လူမှောင်ခိုကူးကားသည် ထိုင်းနိုင်ငံတောင်ပိုင်း ပတ်ဘူရီခရိုင်ရှိ ချာအမ်မြို့အနီး၊ ပရန်ပူရီလမ်း တောင်တက်တောင်ဆင်းနေရာတွင် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရန် တားဆီးရာ၌ မောင်းပြေးသဖြင့် လမ်းဘေးချော်ကျကာ သစ်ပင်နှင့်ဝင်တိုက်မိပြီး ကားပေါ်ပါ (၈) ဦး အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး နောက်ထပ် (၅) ဦးမှာ ချာအမ်ဆေးရုံတွင် သေဆုံးကာ စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း ချာအမ်ဆေးရုံမှ အတည်ပြုပြောကြားသည်။

အဆိုပါ အခင်းဖြစ်ပွားသည့်ကားမှာ တိုယိုတာ ဟိုင်းလက်ကားဖြစ်ပြီး မူလကားနံပါတ်သည် ရနောင်းမြို့တွင် မှတ်ပုံတင်ထားသော บง 6701 ဖြစ်ကာ အခင်းဖြစ်စဉ် ဘန်ကောက်၌ မှတ်ပုံတင်ထားသည့် ကားနံပါတ် บข 8683 ကို အသုံးပြုခြင်းဖြစ်သည်။

ထိုကားတွင် တံခါးလေးပေါက်ပါရှိကာ ရှေ့ခန်း မောင်းသူနေရာတန်းတွင် ထိုင်ခုံတပ်ဆင်ပြီး နောက်ခန်းထိုင်ခုံကို ဖြုတ်ထားကာ မြန်မာပြည်သားများအား တင်ဆောင်လာခြင်းဖြစ်သည်။ ကားပေါ်တွင် စုစုပေါင်း လူ (၂၈) ဦးပါရှိသည်။

စုံစမ်းစစ်ဆေးမှုများအရ မူလကားကို မောင်းနှင်သူမှာ အိမ်နံပါတ် ၆၈/၂၇ ထမိန်လမ်း ခေါင်န၀င်းမြို့၊ ရနောင်းခရိုင်တွင် နေထိုင်သူ ချင်ဖုန်း ဆာတရူပရာဝင်းဖြစ်ပြီး၊ ယခုကားကို မောင်းနှင်လာခဲ့သူမှာ နေရပ်လိပ်စာ ၄၄/၃ အမှတ် (၃)၊ မွန်းကလန့်၊ ကရပေမြို့၊ ရနောင်းခရိုင်တွင် နေထိုင်သူ ချွန်ဖော်ဘန်စွပ်ဖြစ်သည်။

ထိုသူ၏ အမျိုးသမီးဖြစ်သူ ချန်ထရာပန်စွပ်သည် ရနောင်းခရိုင်မှ မြန်မာအလုပ်သမားကို လက်ခံခဲ့သူဖြစ်ပြီး အခင်းဖြစ်ရာတွင် သူမလည်း ယခု ကားနှင့် ပါဝင်လာကာ ကားမောင်းသူ ချွန်ဖော်မှာ အဆိုပါ အလုပ်သမားများအား မဟာချိုင်သို့ ပို့ဆောင်ပေးရန် ဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအစိုးရ အာဏာပိုင်များနှင့်နီးစပ်သူတဦးက “ပြောတာက ရဲတွေကို လှည့်စားမှုအနေနဲ့လို့ ပြောတယ်” ဟု ဆိုသည်။

၂၀၀၈ ခုနှစ် ဧပြီလအတွင်းကလည်း အလုံပိတ်ငါးတင် ရေခဲကားအတွင်း မြန်မာပြည်သားများအား ခိုးယူသယ်ဆောင်မှုကြောင့် အသက်ရှူမွန်းကျပ်ကာ (၅၄) ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

ယခုအခါတွင် မြန်မာပြည်သားများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုရန် ယာယီပတ်စပို့ ပြုလုပ်ပေးနေသော်လည်း ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် မြန်မာအလုပ်သမား (၁) သန်းခန့် ရှိနေသေးပြီး ယခုကဲ့သို့ တရားမဝင် ဝင်ရောက်နေမှုများ ဆက်လက် ဖြစ်ပေါ်နေသေးသည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။


source by :NEJ

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .