ရေအလှူရှင်ကားများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အနိုင်ကျင့်

Anonymous | 2:05 AM |

RFA News | ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်းမှာ ရေလှူဒါန်းနေကြတဲ့ အလှူရှင်ကားတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အလံစိုက်ခိုင်း နေတာကြောင့် ရေအလှူရှင်တွေ စိတ်အနှောင့်အယှက် ဖြစ်နေရသလို ရေလှူဒါန်းသူတွေလည်း တစထက်တစ နည်းပါးလာနေတယ်လို့ သိရပါတယ်။

အပူချိန်မြင့်တက်ပြီး သောက်သုံးရေ ပြတ်လပ်နေတဲ့ ဒလမြို့အဝင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေက ရေလှူဒါန်းတဲ့ ကားတွေကို တားဆီးပြီး အလံစိုက်ခိုင်းနေတာ ဖြစ်ကြောင်း မေလ ၁၄ ရက် ဒီကနေ့ ကိုယ်တိုင် သွားရောက် ရေလှူခဲ့သူ လူငယ်တဦးက RFA ကို အခုလို ပြောပါတယ်။

“ဒီကနေပြီးတော့ သွားလှူတယ်၊ သွားလှူတဲ့အခါကျတော့ ဒလမြို့နယ်မှာ ကျနော်တို့ ကြံ့ခိုင်ရေးကဆိုလို့ရှိရင် သူတို့ ကြံ့ခိုင်ရေးအလံကို တပ်ပြီးလို့ရှိရင် ရေတွေကို လှူလို့ရမယ်၊ ကြံ့ခိုင်ရေးအလံကို မတပ်ဖူး ဆိုလို့ရှိရင် ရေမလှူနဲ့ ၊ ကျနော်တို့ အခု ကားနဲ့သွားရင် ကားမှာစိုက်၊ ကွန်တောင်းနဲ့သွားရင် ကွန်တောင်းမှာစိုက်၊ အခု အဲ့လိုစိုက်ခိုင်းတာပေါ့၊ ဒလမြို့အဝင်မှာ ခင်ဗျ၊ သူတို့ ကြံ့ခိုင်ရေးက သူတို့ အကြီးအကဲတွေက ဒါကိုသူတို့ ညွန်ကြားထားလို့ လုပ်တာပါ ဆိုပြီးတော့ အဲ့ဒီက စည်းရုံးရေးမှူး တယောက်ကတော့ ပြောပါတယ်ခင်ဗျ၊ ရေလှူဒါန်းတဲ့သူတွေကတော့ အကုန်လုံး ပြန်မောင်းထွက်လာတာပေါ့။ ထွက်လာပြီး တဖက်ကနေ လမ်းကြို လမ်းကြားတွေကနေ ပြန်ဝိုက်ပြီးတော့ အဲ့လိုပဲ တိုက်ရိုက် သွားလှူကြတာပဲ၊ ကြောက်တဲ့လူတွေကျတော့လည်း အဲ့လိုပဲ ပေါ့၊ အလံ စိုက်ခိုင်းလိုက်တော့တာပေါ့၊ သူတို့က လှူရဖို့ အရေးကြီးတယ်ဆိုပြီးတော့၊ ကျနော်တို့ တွေကျတော့ အစိုက်မခံဘူး ကိုယ့်ဖာသာကိုယ် လှူတယ်။”
ခုနောက်ပိုင်း လာရောက် ရေလှူဒါန်းကြတဲ့ အလှူရှင်တွေ နည်းပါးလာနေပြီး မြို့တွင်းက ဘုန်းတော်ကြီးကျောင်း အတော်များများမှာလည်း ရေပြတ်လပ်မှုတွေ ရှိနေသေးတယ်လို့ ခုနက ရေလှူဒါန်းခဲ့တဲ့ လူငယ်ကပဲ ဆက်ပြောပါတယ်။အလားတူ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်အတွင်းက ကျေးရွာအတော်များများမှာလည်း ရေအလှူရှင်တွေ သွားရောက် လှူဒါန်းနေတာတွေ ရှိနေပေမဲ့ ရေမလုံလောက်ပဲ ဖြစ်နေကြတယ်လို့ ဒေသတွင်း ရေရရှိရေးအတွက် သွားရောက် ကူညီ လှူဒါန်းပေးနေသူတဦးက RFA ကို ပြောပါတယ်။

“ကွမ်းခြံကုန်းနားက အနီးအနားက ရွာတွေပေါ့ သုံးခွ၊ ခရေကုန်း၊ တိုက်ကြီး၊ ဆင်သိုရွာတွေ နောက် တော်ကူးဆိုတဲ့ ရွာလည်း ပါတယ်၊ ကပ်မလာရွာ၊ မှောဘီ ၊ ဒယ်လူး ရေကန်တွေ ခမ်းခြောက်ပြီးတော့ သောက်ရေ မရတာ၊ တချို့နေရာတွေကတော့ ပတ်ကြားတွေ အက်ကုန်ပြီ၊ မြို့ပေါ်က အလှူရှင်တွေက ထောလဂျီ တွေနဲ့ သွားပြီးတော့ ပို့ပေးကြတယ်လေ၊ ဒီမှာ ရွာတရွာကို တနေ့ တနေ့ကို ထော်လဂျီ နှစ်စီး သုံးစီး၊ အဲ့လိုပဲ ပေးနိုင်တယ်၊ မိုးကလည်း ဒီမှာ လုံးဝ မရဘူး။”

ကွမ်းခြံကုန်းမြို့နယ်အတွင်းက သောက်သုံးရေ ပြတ်လပ်နေကြတဲ့ ကျေးရွာတွေကို သွားရောက် လှူဒါန်းကြတဲ့ အလှူရှင်တွေဟာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ စောင့်ကြည့်မေးမြန်းမှုတွေ ခံနေကြရသလို ရေရှားပါးမှုကြောင့် ဖြစ်ပေါ်လာမဲ့ ရောဂါအန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရတယ်လို့ ပြောနေကြပါတယ်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .