ကလေးမြို့ လေယာဉ်ကွင်း အနီးရှိ အိမ်များ ပြောင်းရမည်

Anonymous | 5:06 AM |

စစ်ကိုင်းတိုင်း ကလေးမြို့ လေယာဉ်ကွင်း တိုးချဲ့မည် ဖြစ်၍ လေယာဉ်ကွင်း အနီး အမှတ် (၇) ပင်လုံ ရပ်ကွက်မှ နေအိမ် ၁၅၀ ခန့်ကို ရွှေ့ပြောင်းရန် အာဏာပိုင်များက ညွှန်ကြားသည့် အတွက် ဒေသခံအိမ်ပိုင်ရှင်များ အခက်အခဲ ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။

ရွှေ့ပြောင်းရမည့် နေအိမ်များ အတွက် အိမ်မြေနေရာသစ်များကို မဲစနစ်ဖြင့် ချထားပေးမည်ဖြစ်ပြီး လျော်ကြေးအဖြစ် အိမ်ဝန်းအကျယ် တပေ ပတ်လည်အတွက် ၃၀၀၀ ကျပ်နှုန်း ပေးမည်ဟု အာဏာပိုင်များက ပြီးခဲ့သည့် စနေနေ့က လာရောက်ပြောဆိုကြောင်း ဒေသခံများက ဆိုသည်။

“မပြောင်းချင်ဘူး၊ အခုက မိုးရာသီလည်းဖြစ်နေတယ်၊ ကလေးတွေကလည်း ကျောင်းတက်ရတော့မယ်၊ ပြန်ရမယ့်နေရာက လည်း ဘာမှမရှိတဲ့ တောထဲမှာ၊ သူတို့ပေးတာက ၁၅ သိန်းကနေ ၁၇ သိန်းလောက်ပဲ၊ ဒီလောက်ငွေနဲ့ ဘယ်လိုလုပ် အိမ် တလုံး ပြန်ဆောက်နိုင်မလဲ”ဟု ဒေသခံတဦးကပြောသည်။

အိမ်များရွှေ့ပြောင်းရမည့် နောက်ဆုံးရက်ကို အတိအကျ သတ်မှတ်ထားခြင်းမရှိသော်လည်း ဒေသခံများကမူ ယခုနှစ် မိုးရာသီ ကုန်သည်နှင့် အပြီးရွှေ့ပြောင်းရလိမ့်မည်ဟု ပြောဆိုနေကြသည်။

ရွှေ့ပြောင်းရမည့် နေအိမ်များအတွက် အစားထိုးနေရာသစ်ကို ကလေးမြို့အနောက်ဘက် တာဟန်းတောင်ဖီလာ ရပ်ကွက် အနီးရှိ လယ်ယာမြေများတွင် ချပေးမည်ဖြစ်ရာ ဒေသခံများက မရွှေ့ပြောင်းလိုကြပေ။

လေယာဉ်ကွင်းတိုးချဲ့ရန် ၂၀၀၇ ခုနှစ်ကတည်းက စီစဉ်နေပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက စစ်ကိုင်းတိုင်းမှူးနှင့် ဌာနဆိုင်ရာများက ရွှေ့ပြောင်းရမည့် လေယာဉ်ကွင်းအနီး ပင်လုံရပ်ကွက်မှ နေအိမ်များအတွက် အစားပြန်ပေးရန် မြေ နေရာများကို လာရောက် ကြည့်ရှူခဲ့သည်ဟု တောင်သူများက ဆိုသည်။

ဘိုးဘွားပိုင် လယ်မြေများ ဖြစ်ခြင်း၊ ကြက်သွန်၊ နေကြာ၊ မြေပဲ၊ စပါး တို့ကို တနှစ်လုံး စိုက်ပျိုးကြသည့် အဆိုပါ လယ်မြေ များမှာ အထွက်နှုန်းကောင်းခြင်းတို့ကြောင့် တောင်သူများက မရောင်းချလို၊ မပြောင်းလိုကြဟု ဆိုသည်။

“ဒီလယ်တွေက ကာလတန်ကြေး တဧက ကျပ် သိန်း ၄၀ လောက်ပေါက်နေတာကို အခုက တဧက ၁၀သိန်းနဲ့ အိမ်မြေ နေရာ အတွက် ပေ ၄၀x၆၀ တကွက်ပေးမယ်ပေါ့၊ ကျမတို့က လယ်ပဲ လုပ်တတ်တော့ ပြန်ဝယ်မယ်ဆိုရင် ဒီဈေးနဲ့ မရဘူးလေ၊ ပေါက်ဈေးအတိုင်း ပေးရင်တော့ တမျိုးပေါ့”ဟု တောင်သူတဦးက ပြောသည်။

လယ် နှစ်ဧကစီသာ ပိုင်သော တောင်သူနှစ်ဦးက အာဏာပိုင်များ ပေးသည့်ဈေးနှင့် သဘောတူညီ၍ လယ်များရောင်းချ လိုက်ပြီးနောက် လယ်ကွက်များကိုဖြတ်၍ လမ်းများလာရောက်ဖောက်လုပ်သွားသည်ဟု သူက ဆိုသည်။

သူကဆက်၍“ကျမတို့ ဧကများတဲ့သူတွေဆီက ဘာမှသဘောတူညီမှု မလုပ်သေးဘဲနဲ့ အဲ့ဒီလို လာလုပ်တာတော့ မတရား ဘူးပေါ့၊ ကျမတို့ကတော့ တရားမျှတတာကိုပဲ လိုချင်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။

တောင်သူများက ဘိုးဘွားပိုင် လယ်မြေများကို မရောင်းချလိုကြောင်းနှင့် အာဏာပိုင်များက ၀ယ်လိုပါက ကာလပေါက်ဈေး ဖြင့်သာ ပေးချေစေလိုကြောင်း ပန်ကြားစာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နေပြည်တော်ရှိ ပြည်ထဲရေးရုံး၊ တိုင်းရုံးများအထိ ပေးပို့ခဲ့သော်လည်း သက်ဆိုင်ရာမှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .