စီးပွားရေး ပိတ်ဆို့သူမှာ စစ်အစိုးရ ကိုယ်တိုင်ဖြစ်ဟု ပညာရှင်တဦး ထောက်ပြ

Anonymous | 7:23 AM |


Friday, 03 July 2009 19:32 ဇာနည်ဝင်း .မြန်မာပြည် ဖွံ့ဖြိုး တိုးတက်မှု မရှိခြင်းမှာ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ စစ်အစိုးရ၏ စီးပွားရေး မူဝါဒ အမှားများကြောင့် ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာ သည့် စီးပွားရေးပညာရှင်တဦးက ယနေ့ ပြောကြားလိုက်သည်။

“မြန်မာပြည်အတွက် အကြီးမားဆုံး စီးပွားရေး ပိတ်ဆို့မှုကတော့ စစ်အစိုးရ ကိုယ်တိုင်ပါပဲ” ဟု သြစတေးလျနိုင်ငံ၊ မက်ကွိုင်းယား တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သူ မစ္စတာ ရှောင်တာနဲ (Sean Turnell) က ဧရာဝတီကို ပြောသည်။

စစ်အစိုးရက မြန်မာ့ စီးပွားရေးကို ပိတ်ဆို့ ကန့်သတ်ထားသဖြင့် နိုင်ငံတကာမှ လုပ်ငန်းကြီးများက မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေကြခြင်း ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာပြည် စီးပွားရေး အခြေအနေမှာလည်း အလွန်တရာ ဆိုးရွားနေခြင်းကြောင့် ဖြစ်ကြောင်း ရှောင်တာနဲက သုံးသပ်ပြသည်။

“ဒီလိုအခြေအနေမှာ ဘယ်လို နိုင်ငံတကာ ကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံမှာလဲ၊ ဘယ်လို အကျိုးအမြတ်တွေ ရနိုင်မှာလဲ” ဟု ရှောင်တာနဲက ပြောသည်။

မြန်မာစစ်အစိုးရ အဆက်ဆက်သည် နိုင်ငံတကာ စီးပွားရေး လုပ်နည်းလုပ်ဟန်များနှင့် အဆက်ပြတ်နေကြောင်း၊ ဤအခြေအနေကပင် စစ်အစိုးရကိုယ်တိုင် မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီးများ၏မိသားစုများ၊ ၎င်းတို့နှင့် နီးစပ်သူများသာ စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်များ ရနိုင်ခြင်း၊ အဂတိလိုက်စားမှု အကြီးအကျယ် ဖြစ်ပွားနေခြင်းတို့ကလည်း နိုင်ငံ၏ စီးပွားရေး ချွတ်ခြုံကျလာခြင်း၏ အဓိက လက်သည်ဖြစ်နေသည်ဟု ရှောင်တာနဲက ထောက်ပြသည်။

မြန်မာပြည်မှ အများအပြား ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို အိမ်နီးချင်းနိုင်ငံများက ဝယ်ယူလျက်ရှိသည်။

နိုင်ငံက ဆင်းရဲနေပြီး၊ ပြည်သူများ စားဝတ်နေရေး ခက်ခဲနေချိန်တွင် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ငွေအမြောက်အမြား မည်သည့်နေရာတွင် အသုံးပြုနေသနည်းဟု ရှောင်တာနဲက မေးခွန်းထုတ်လိုက်သည်။

“စစ်အစိုးရက လက်ရှိကာလမှာ လတိုင်း လတိုင်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီပြီး ရှိ တယ်။ ဒီငွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းတယ်” ဟု သူက ဆိုသည်။

စစ်အစိုးရ၏ ငွေစာရင်း ရှင်းတမ်းကို လေ့လာပါက စာရင်း လိမ်လည် ဖော်ပြထားမှုကို အံ့သြဖွယ် တွေ့ရမည်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ငွေကို ပေါက်ဈေး ကျပ် ၁ဝဝဝ ကျော်ဖြင့် မဟုတ်ဘဲ တရားဝင် ငွေလဲနှုန်း ၆ ကျပ်ဖြင့် တွက်ချက်ပြီး စာရင်းသွင်းထားသည် ဟု ၎င်းက ထောက်ပြသည်။ ထိုသို့ တွက်ချက်ခြင်းမှာ ပြင်ပ ပေါက်ဈေးထက် အဆ ၂ဝဝ လျော့နည်းနေသည်။

စစ်အစိုးရက ထိုငွေများကို ကာကွယ်ရေးဆိုင်ရာ စီမံကိန်းများတွင် အသုံးပြုဖွယ် ရှိသည်ဟု အကဲခတ်များက ယူဆနေသည်။

၂ဝဝ၉ ခုနှစ် လေ့လာ သုံးသပ်ချက်များ အရ မြန်မာပြည်သည် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး တို့တွင် အဆိုးရွားဆုံး နိုင်ငံ ၆ဝ ၌ အဆင့် ၁၃ နေရာတွင် ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် Foreign Policy မဂ္ဂဇင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
http://www.irrawaddy.org/bur/2009-07-03-12-32-56.html

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .