ချောက်မြို့ရှိ ရဲဝန်ထမ်း ၇ ဦးအား ဖမ်းဆီးထိန်းသိမ်းထား

Anonymous | 8:09 PM |

ရိုးမ ၃ / စာရွက်ကပ်သည့် လှုပ်ရှားမှုအား ဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် ချောက်မြို့ရှိ ရဲဝန်ထမ်း ၇ ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်။

မကွေးတိုင်း၊ ချောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားသည်ကို မကျေနပ်သည့် လူငယ်များက မြို့အနှံ့ စာရွက်များကို ယခုလ (၆) ရက်နေ့က လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။

"အေဖိုးဆိုဒ်အရွယ် စာရွက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ လွှတ်ပါဆိုပြီး ရေးထားတဲ့ စာရွက်တွေ ကပ်တာ၊ မြို့ပေါ် (၇) ရပ်ကွက်လုံးမှာ ကပ်ထားတာ" ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ယခုဖမ်းဆီးခံထားရသူများတွင် ရဲအုပ် ၆ ဦးနှင့် ရဲတပ်သားတဦး ပါဝင်ပြီး ၄င်းတို့အား စာရွက်များကပ်ပြီး နောက်တနေ့ ယခုလ (၇) ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

"ဒီလောက်မြို့ပေါ် (၇) ရပ်ကွက်လုံးမှာ စာကပ်တာ မသိရကောင်းလား၊ ဖမ်းမမိရကောင်းလား ဆိုပြီး အမှတ် (၁) ရဲစခန်း အချုပ်ခန်းမှာ ချုပ်ထားတယ်၊ ရဲသားအမည်ကတော့ အောင်နိုင်လို့ သိရတယ်၊ ရဲအုပ်တွေအမည်တော့ မသိဘူး"ဟု မြို့ခံတဦးက ပြောသည်။

ချောက်မြို့တွင် လုံခြုံရေးတင်းကြပ်နေမှုနှင့် ပတ်သက်၍ မြို့ခံတဦးက "ညကတည်းက ဘုန်းကြီးကျောင်းတွေမှာ လုံခြုံရေး ၁၅ ယောက်စီ ချထားတယ်၊ မြို့ပေါ်မှာလည်း ချထားတာ ထူထပ်တယ်၊ ဆိပ်ဖြူဘက်အထွက်တွေမှာလည်း ဂိတ်တွေ ချထားတယ်၊ ပခုက္ကူ၊ စလင်းဘက်ကလာတယ်ဆိုရင် မှတ်ပုံတင်၊ လိုင်စင်တွေကအစ ဒီနေ့ထိ စစ်နေတုန်းပဲ" ဟု ပြောသည်။

အဆိုပါ ရဲအမှုထမ်း ၇ ဦးအား ဖမ်းဆီးသည့်နေ့တွင် ရေနံချောင်းခရိုင်ရဲမင်းကြီးကိုယ်တိုင် ရောက်ရှိနေပြီး ရဲအချင်းချင်း ဖမ်းဆီးခြင်းဖြစ်ကာ အင်န်အယ်ဒီပါတီဝင်အချို့၊ လှုပ်ရှားတက်ကြွသူအချို့နှင့် ယခင်လှုပ်ရှားမှုတွင် ပါဝင်သူများအား စောင့်ကြည့်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

"(၇) ရက်နေ့က ခဏခေါ်ထိန်းထားတယ်၊ (၈) ရက်နေ့ကလည်း ထိန်းတယ်၊ ဘာမှတော့ မလုပ်ပါဘူး နောက် ပြန်လွှတ်လိုက်တာပါပဲ၊ ဦးလှခေါင်ဆို သူ့သမီးအိမ်မှာ သွားနေတာ၊ အဲ့ဒါ ဧည့်စာရင်းစစ်တော့ ဧည့်စာရင်းမတိုင်လို့ဆိုပြီး ဖမ်းတယ်၊ အင်န်အယ်ဒီအမျိုးသမီးအဖွဲ့က ဒေါ်တင်တင်ဝင်းကိုကျတော့ သူတူမက တိုင်တယ်ဆိုပြီးတော့ အကြောင်းပြချက်နဲ့ ဖမ်းတယ်" ဟု အယ်န်အယ်ဒီပါတီနှင့်နီးစပ်သူက ပြောသည်။

စစ်အစိုးရအနေဖြင့် ပြီးခဲ့သည့် သြဂုတ်လ (၈) ရက်နေ့ မတိုင်မီကလည်း ရန်ကုန်၊ အင်းစိန်မြို့ နယ်အတွင်းရှိ ရပ်ကွက်နှင့် လမ်းများပေါ်တွင် လုံခြုံရေးများ ထူထပ်စွာ ချထားခဲ့သည်။

ချောက်မြို့တွင် စာရွက်ကပ်ခဲ့သည့် ယခုလှုပ်ရှားမှုနှင့်ပတ်သက်၍ တဦးတယောက်မှ ဖမ်းဆီးခံရကြောင်း မကြားသိရသေးပေ။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .