ဂျပန်တွင် လစဉ် ၉ ရက်နေ့တိုင်းကျင်းပသည့် ဦးခွန်ထွန်းဦးလွတ်မြောက်ရေးလှုပ်ရှားမှု

Anonymous | 1:44 AM |


စစ်အာဏာရှင်ကို ကြောက်ရွံ့လို့မနေခဲ့၊ တုန့်နှေးလို့မနေခဲ့၊ လုပ်စရာရှိတာလုပ်သွားခဲ့သူ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဌ ဦးခွန်ထွန်းဦးကို ယခုအခါ ကချင်ပြည်နယ် ပူတာအိုထောင်တွင် နှစ်ရှည် ထောင်ချထားဆဲပင်ဖြစ်ပေသည်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့၏ ငြိမ်းချမ်းရေးရယူသည့် ၁၅ နှစ်မြောက်အထိမ်းအမှတ်ပွဲသို့ တက်ရောက်ပြီး ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံကောင်စီဖွဲ့စည်းခဲ့သည်။ ထို့သို့လုပ်ဆောင်မှုကို နအဖစစ်အုပ်စုမှ စစ်ရေးအရအကြမ်းဖက် တော်လှန်ဆန့်ကျင်သည်ဟု ယူဆပြီး မည်သည့်သက်သေအထောက်အထား တစုံတရာမရှိဘဲ နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်ဖြင့် မတရားနှစ်ရှည် ထောင်ဒဏ်ချမှတ်ခဲ့သည်။

ဦးခွန်ထွန်းဦးကို လေးစားဂုဏ်ပြုသောအားဖြင့် လစဉ် ၉ ရက်နေ့ရောက်တိုင်း ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် လွှတ်မြောက်ဖို့အတွက် တောင်းဆိုရေးကို လစဉ်အစည်းအဝေးနှင့် လှုပ်၇ှားမှုများပြုလုပ် နေကြောင်းသိရပါသည်။ ထိုပွဲတွင် အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ကိုမိုင်ကျော်ဦးက`` ဦးခွန်ထွန်းဦးဆိုတာ နိုင်ငံတကာကရော မြန်မာတိုင်းရင်းသားတွေကပါ လေးစားကြတဲ့ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးပါ။ ၉၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီပြီးရင် ဒုတိယမြောက် အင်အားအကြီးမားဆုံးနဲ့ အနိုင်ရခဲ့တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သလို ခေတ်ပညာ တတ်စော်ဘွားမျိုးရိုးအနွယ်မှ ဆင်းသက်လာသူတစ်ဦးလည်းဖြစ်ပါတယ်။


နောက်ပြီး သူဟာ CRPP လို့ အတိုကောက်ခေါ်ဆိုနေကြတဲ့ ပြည့်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၁၈ ဦးထဲမှာလည်း တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ ဦးခွန်ထွန်းဦးဟာ နအဖစစ်အုပ်စုရဲ့ မတရားတဲ့လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်ဝေဖန်ခဲ့သူဖြစ်ပြီး အဲဒီ့အတွက်နဲ့ သူ့ကို နအဖက နိုင်ငံတော်ပုန်ကန်မှု၊ တရားမ၀င်လူစုရုံးမှု၊ ၄င်းတို့ကိုအကြည်အညိုပျက်အောင်ဆောင်ရွက်မှုအစရှိတဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။ ဒီလိုဥပဒေမဲ့မတရားစီရင်ချက်ချတာဟာ မြန်မာပြည်တွင်းမှာ ဒီမိုကရေစီစနစ်မရှိဘူး၊ တိုင်းရင်းသားအရေးကိုတန်ဖိုးမထားဘူး။ လျစ်လျှူရှုတဲ့သဘောမျိုး သက်ရောက်နေပါတယ်။

ဒါကြောင့် ကျနော်တို့တိုင်းရင်းသားတွေသာမက မြန်မာလူမျိုးတွေကပါ ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များလွှတ်မြောက်ရေးအတွက်သာမက အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်မြောက်ဖို့အတွက်ရည်ရွယ်ပြီး ဦးခွန်ထွန်းဦးအဖမ်းခံခဲ့ရတဲ့ ၉ ရက်နေ့ရောက်တိုင်း လွှတ်မြောက်ဖို့အတွက်တောင်းဆိုပွဲကို လစဉ်ပြုလုပ်ရခြင်းဖြစ်ပါတယ်…``ဟု တက်ရောက်လာသူများကို ရှင်းလင်းပြောကြားပေးခဲ့သည်။


သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သော AUN ဥက္ကဋ္ဌဦးဇော်မင်းခိုင်ကလည်း `` ၂၀၀၇ ခုနှစ် မေလကတည်းကစပြီး လစဉ် ၉ ရက်နေ့ရောက်တိုင်း
ကျနော်တို့တစ်တွေဟာ ဦးခွန်ထွန်းဦးနဲ့ တိုင်းရင်းသားခေါင်းဆောင်များအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားတွေလွှတ်မြောက်ဖို့အတွက် ဂျပန်မှာရှိတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေက နအဖစစ်အခွန်ရုံးရှေ့မှာ၊ ယူအန်ရုံးရှေ့မှာ တောင်းဆိုဆန္ဒပြခြင်းများပြုလုပ်ခဲ့ပါတယ်။

ဒီလိုမျိုးပြုလုပ်တာဟာ ကျနော်တို့နိုင်ငံမှာ တရားဥပဒေမရှိဘူး၊ စစ်အုပ်စုဟာ တိုင်းရင်းသားတွေကိုဖိနှိပ်နေတယ်။ ဒါကိုလက်မခံနိုင်ဘူး။ ဆန့်ကျင်ရှုတ်ချကြောင်း သိစေချင်လို့ဖြစ်ပါတယ်။ ဆက်လက်ပြီး ဦးခွန်ထွန်းဦးနဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များအရေးသာမက တခြားသော တိုင်းရင်းသားခေါင်းဆောင် များလွှတ်မြောက်ရေးအတွက်ပါ ပြုလုပ်သွားကြမှာဖြစ်ပါတယ်..။ အားလုံးကလည်း ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်…``ဟု ပြောဆိုခဲ့သည်။

တက်ရောက်လာကြသည့် ရှမ်းတိုင်းရင်းသားလူငယ်များမှ ဦးခွန်ထွန်းဦးနှင့်ပါတ်သက်သည့် အတ္ထုပ္ပတ္တိနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များ၊ ဦးဆောင်လှုပ်ရှားမှုကဏ္ဍာများအပါအ၀င် ဦးခွန်ထွန်းဦးနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဗိုလ်ချုပ်ဆေထင်၊ စိုးနွတ်(ခ)စိုင်းညွန့်၊ စိုင်းလှအောင်၊ ဦးမြင့်သန်း၊ ဦးထွန်းညို၊ ဦးညီညီမိုး၊ စိုင်းမျိုးဝင်းထွန်း၊ ဦးရွှေအုံးနှင့် စ၀်သာဦးတို့ အတ္ထုပ္ပတ္တိနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များအကြောင်းကို ဖတ်ကြားပေးခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ-စိုးဝင်းရှိန်၊ ဖြိုးဝေ-mmp၊ နန်းအိမွန်ချစ်

(မှတ်ချက် - ဦးမြင့်သန်းသည် ၂၀၀၆ ခုနှစ် မေလ ၂ ရက်နေ့တွင် သံတွဲ ထောင်တွင်းနှိပ်စက်မှုဒဏ် ကြောင့်ကွယ်လွန်သွားခဲ့ပြီး၊ ဦးရွှေအုံးနှင့် စ၀်သာဦးတို့ကို ပြန်လွှတ်ပေးခဲ့သည်။)

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .